CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁
အကြမ်းဖက် အဖွဲ့ဖြစ်သည့် ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ခြင်းသည် စနစ်တကျ ပြင်ဆင်ထားသည့်ပုံစံမှာ ရှိနေသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ARSA ခေါင်းဆောင် အပါအဝင် ဖမ်းဆီးခံရသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် မတ်လ ၁၇ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ASRA တို့ လှုပ်ရှားနေသည်မှာ ၁၀ နှစ်နီးပါးရှိပြီးဖြစ်သော်လည်း ယခုအခါမှ ဖမ်းဆီးခြင်းမှာ မေးခွန်းထုတ်စရာ ရှိကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရောက်ရှိပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည့် အတွက် သာမန်သက်ဆိုင်မှု မဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုမှ အဖမ်းခံရတယ်ဆိုတာ ဒီရက်ပိုင်းမှာ ဒါတွေက ရိုးရိုးသက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးပေါ့။ ပထမ အနေနဲ့က ရှိတ်ဟာစီနာအစိုးရ ထွက်ပြေးရတယ်။ အဲဒီနေရာမှာ အနောက်က ထောက်ခံတဲ့ ယူနွတ် နိုဘယ်ဆုရှင် တက်လာတယ် အဲဒါလည်း တချက် ပါပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ကမှ UN အထွေထွေအတွင်းရေးမှူးလည်း အဲဒီ ဒေသကို ရောက်လာပြီးတော့ ဒီမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ မူလနယ်မြေတွေကို ပြန်ပြီး အခြေချပြန်ဖို့ ဆန္ဒဖော်ထုတ်တာတွေ တွေ့တယ်။ ဒီဟာတွေလည်း စနစ်တကျ ပြင်ဆင်ထားတဲ့ ပုံစံမှာရှိတယ် သူတို့သတင်းတွေ မှာ ကြည့်ရင်။ UN အထွေထွေအတွင်းရေးမှူး ကိုယ်တိုင်ကလည်း AA နဲ့ ဆွေးနွေးရလိမ့်မယ်၊ စကားပြောရလိမ့် မယ် ပုံစံမျိုးတွေ ပြောလာတယ်။ တစ်နည်းအားဖြင့် ရက္ခိုင့်တပ်တော် AA ကို အသိအမှတ် ပြုသွားတဲ့ လက္ခဏာလို့ နားလည်ပါတယ်။ ဆိုတော့ ဒါတွေအကုန်လုံးဟာ တိုက်ဆိုင်မှုလား စနစ်တကျ ပြင်ဆင်ထားတာလားဆိုတဲ့ ဟာ ကတော့ လုပ်တဲ့လူတွေ ပိုသိမှာပေါ့” ဟု ပြောသည်။
ကုလအတွင်းရေးမှူးချုပ်နဲ့ ယူနွတ်ကို တွေ့ရစဉ်
ARSA ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ အထင်ကရ မွတ်ဆလင် ခေါင်းဆောင် မိုဟစ်အူလာကို သတ်ဖြတ်ရန် အမိန့်ပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတစ်ဦးကို သတ်ဖြတ် ရာမှာ ပါဝင်ခဲ့ကြောင်း သံသယရှိသူဟု ဘင်္ဂလားဒေ့ရှ် သတင်းများ၌ ဖော်ပြထားသည်။
၎င်းတို့ကိုတော့ မတ်လ ၁၈ ရက်နေ့မှာ ရုံးထုတ်ခဲ့သည့် ရုပ်သံများတွင် ARSA ခေါင်းဆောင်၏ မျက်နှာသွင်ပြင်မှာ ပျော်ရွှင် ပြုံးပျော်လျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။
ARSA သည် ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ပိုင်း၊ မောင်တော် မြို့နယ်တွင် အဓိက လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
၎င်းတို့သည် မူလကတည်းက အစီအစဉ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ထွက်ပြေးသွားကြရသည့် မွတ်ဆလင် ဒုက္ခသည်များ ကိစ္စမှာလည်း စနစ်တကျ ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော် က CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “ARSA ခေါင်းဆောင်တွေက မူလကတည်းက အစီအစဉ်တကျကို ဖန်တီးထားတဲ့ အဖွဲ့အစည်းလို့ မြင်ရ တယ်ပေါ့။ ရခိုင်ပြည်မှာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ ပြေးသွားကြတာတွေကလည်း သူတို့ရဲ့ ပယောဂ မကင်းဘူးလို့ မြင်ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တိုတွင်းမှာ လူပေါင်း သိန်းနဲ့ချီပြီးတော့ ၇ သိန်း လောက် ပြောင်းသွားတယ်ဆိုတာမျိုး စာရင်းဇယားမှာ ရှိခဲ့တယ်လေ။ အဲဒါဘယ်လိုဖြစ်နိုင်လဲ။ ဒါတွေဟာ စနစ်တကျ မပြင်ဆင်ထားဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက ခေတ်အဆက်ဆက်မှာ ဒီဒေသမှာ လူမျိုးရေး ပဋိပက္ခအသွင် ဖန်တီးထားတာကလည်း ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေရဲ့ တာဝန်မကင်းဘူးလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအား ၂၀၂၆ ခုနှစ်တွင် နေရပ်ဖြစ်သည့် ရခိုင်ပြည်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ မိုဟာမက် ယူနွတ်က ကတိပြု ပြောကြားထားသည်။
မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် AA နှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ထုတ်ဖော် ပြောကြားသွားခဲ့သည်။
သို့သော် မွတ်ဆလင်များအား နေရပ်ပြန်ရေးမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းလည်း သုံးသပ်ထောက်ပြမှုများ ရှိကြသည်။