CNI International News
ဂျာကာတာ၊ မတ်လ ၂၁
အင်ဒိုနီးရှားလွှတ်တော်သည် မတ်လ ၂၀ ရက်က စစ်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
အဆိုပါ ပြင်ဆင်သည့် ဥပဒေတွင် စစ်ဘက်အရာရှိများအား အရပ်ဘက်ရာထူးများ လျာထားခွဲဝေပေးထားသည့် အတွက် ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
ထိုဥပဒေသည် စစ်ဘက်အရာရှိများက အရပ်ဘက်အုပ်ချုပ်ရေးကဏ္ဍကို လွှမ်းမိုးခဲ့သည့် အာဏာရှင်သမ္မတဟောင်း ဆူဟာတို (Suharto) ၏ ခေတ်ကို ပြန်လည်ရောက်ရှိ သွားစေနိုင်ကြောင်း လူ့အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြ သည်။
အင်ဒိုနီးရှားမှာ ဆန္ဒပြနေကြစဉ်
ထို့ပြင် ထိုဥပဒေသည် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကို ထိခိုက်စေနိုင်ကြောင်း လည်း ဆန့်ကျင်သူများက ဝေဖန်ခဲ့ကြသည်။
လွှတ်တော်ဥက္ကဋ္ဌ ပူအန် မဟာရာနီ (Puan Maharani) သည် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ထိုဥပဒေ ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အရပ်ဘက် စိုးမိုးရေးဆိုင်ရာ အခြေခံမူများနှင့်အညီ တရားဝင် အတည်ပြု ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) သည် ဆူဟာတို လက်အောက်ရှိ အထူးတပ်ဖွဲ့များ၏ တပ်မှူးဖြစ်ခဲ့သည်။
ဆူဟာတိုသည် ကျောင်းသားကလေးငယ်များအတွက် နေ့လည်စာ အခမဲ့ကျွေးမွေးသည့် အစီအစဉ် အပါအဝင် အရပ်ဘက် အုပ်ချုပ်ရေးကဏ္ဍများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို ပိုမိုတိုးချဲ့ လုပ်ဆောင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
လူ့အခွင့်အရေးအဖွဲ့များကမူ အရပ်ဘက်ကဏ္ဍတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှု မြင့်တက်လာမှုကို ဝေဖန်ခဲ့ကြ သည်။
ထိုလုပ်ဆောင်ချက်သည် အာဏာအလွဲသုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်တပ်၏ လုပ်ဆောင်ချက်များကို အရေးမယူဘဲ ကင်းလွတ်ခွင့် ပေးထားမည့် အခြေအနေများအထိ ရောက်ရှိစေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ က ထောက်ပြကြသည်။
ထိုဥပဒေမူကြမ်းအရ စစ်တပ် အရာရှိများသည် အစိုးရရှေ့နေချုပ်ရုံးကဲ့သို့ အရပ်ဘက်ရုံးဌာနများတွင် အရပ်ဘက် ရာထူးနေရာများကို မရယူမီ စစ်တပ်မှ နုတ်ထွက်ရန် လိုအပ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ထိုဥပဒေကြောင့် စစ်တပ်မှ အရပ်ဘက်သို့ ကူးပြောင်းလာသည့် အရာရှိများသည် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ တွင် ပါဝင်ခွင့်ရလာမည့် အချက်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ထိုအချက်အား ဥပဒေတွင် ထည့်သွင်း ပြင်ဆင် ထားခြင်းမရှိကြောင်း ဥပဒေပြုရေးအတွက် ဆွေးနွေးမှုများ၌ ပါဝင်ခဲ့သည့် လွှတ်တော်အမတ် နီကို စီယာဟန်း (Nico Siahaan) က ပြောကြားခဲ့သည်။
Source: ရိုက်တာ