CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်မြောက်ပိုင်းတွင် နယ်မြေထိန်းချုပ်မှု လုပ်ကိုင်ဆောင်ရွက်ရာ၌ သွားနေ သည့်လမ်းကြောင်း ချွတ်ချော်သည်ရှိသော် ARSA ၏ အင်အားကြီးမှုကို ရပ်တန့်နိုင်မည် မထင်ကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ မြေပြင်မှာ လူဦးရေ ဘယ်လောက်ရှိမလဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်လိုလဲ။ ဘယ်အထိ ထွက်သွားမှာလဲ။ AA ကိုယ်တိုင်ကရော သူတို့ဒေသကို သူတို့ လက်နက်နဲ့ ထိန်းချုပ်ပြီးတဲ့အချိန်၊ နယ်မြေတွေ ယူပြီးတဲ့အချိန် တကယ်ရော လုပ်နိုင်ပါ့မလားဆိုတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အများကြီး သုံးသပ်ရမှာ ပေါ့။ AA ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုပြီးတော့ သူတို့သွားနေတဲ့ လမ်းကြောင်း မှားသွားမယ်၊ တစ်ခုခု ချွတ်ချော် သွားမယ်ဆိုရင်တော့ ARSA ရဲ့ အင်အားကြီးမှုကို သူတို့ ရပ်တန့်နိုင်မယ် မထင်ဘူး။ အဲဒါကတော့ ရှင်းပါတယ်။ မြေပြင်မှာ conflict တွေ အများကြီး ဖြစ်ခဲ့ပြီးတဲ့ အခါကြတော့ ဒါကို ဖြေရှင်းပေးမယ့် လုပ်ငန်းစဉ် တစ်ခု၊ လုပ်ငန်း စဉ်တစ်ရပ် အဲဒါကို ကောင်းကောင်း တည်ဆောက်နိုင်မှု မရှိဘူးဆိုရင်တော့ ပြဿနာ အကြီးအမား ဖြစ်သွားမယ်။ အထူးသဖြင့် နောက်ဆုံး AA ကိုယ်တိုင်တောင် အဲဒီဒေသမှာ သူကိုယ်တိုင် နေရထိုင်ရ လုပ်ရကိုင်ရတာ အတော် လေး တင်းကြပ်သွားတဲ့ အနေအထားထိ ရောက်သွားနိုင်တယ်လို့ သုံးသပ်လို့ရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်ထားသည့် ရခိုင်မြောက်ပိုင်းဒေသအနက် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့တို့တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ တိုက်ခိုက်မှုများသည် ၂၀၂၅ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာ လျက်ရှိသည်။

ရခိုင်ပြည်နယ်လမ်းဆုံတစ်နေရာကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ARSA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၅၀ ဝန်း ကျင် သေဆုံးခဲ့ကြောင်း ရခိုင်ဒေသဌာနများက ဖော်ပြထားသည်။

ARSA အဖွဲ့သည် ရခိုင်ပြည်နယ်၌ ယခု ၂၀၂၅ ခုနှစ်အတွင်း ယခင်ကထက် ပိုမိုလှုပ်ရှားလာနေခြင်းဖြစ်ပြီး အရပ် သားများကိုသာ အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ကို နောက်ကွယ်မှ ကူညီထောက်ပံ့ပေးနေသည့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အကြမ်းဖက် လိုလားသူများ၏ အင်အားအပေါ် မူတည်ကာ ရခိုင့်နိုင်ငံရေးတွင် ဖိအားကြီးလာနိုင်ကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ARSA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ရခိုင့်နိုင်ငံရေးအပေါ် သက်ရောက်မှုဆိုတာက အခုက ARSA, ARSO ဆိုတာက ဒီတစ်နေရာတည်း ကွက် ကွက်လေး မဟုတ်ဘဲနဲ့ နောက်ကွယ်မှာနေပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ အကြမ်းဖက်ကို လိုလားနေတဲ့ လူတွေ တစ်နည်းအားဖြင့် ပြောရရင် မွတ်ဆလင်ဝါဒ ပြန့်ပွားရေးနဲ့ နယ်မြေသိမ်းလိုတဲ့ဟာတွေ အဲဒီလိုအားတွေ ပါလာ တယ် ဆိုရင်တော့ ရခိုင့်နိုင်ငံရေးမှာ ကြီးစွာသော ဖိအားတွေ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ဒီဟာကို ကျနော်တို့ ရခိုင်ဘက်ကရော ရခိုင်မှာနေနေတဲ့ မွတ်ဆလင်တွေကရော နိုင်ငံတကာကို အထူးသဖြင့် UN ကို၊ ကမ္ဘာ့နိုင်ငံ အသီးသီးကို ကျနော်တို့မှာရှိတဲ့ ကျနော်တို့ရဲ့ ပကတိ အခြေအနေ အမှန်တရား၊ သမိုင်းဖြစ်စဉ် ဒါတွေကို ကျနော်တို့ ဘက်ကလည်း အများကြီး ချပြပေးဖို့ နိုင်ငံတကာကို SOC လုပ်ဖို့ ဒါတွေကတော့ လိုပါလိမ့်မယ်။ ကမ္ဘာကြီးကလည်း မသိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သိသိကြီးနဲ့ကို တစ်ခါတစ်ခါ ကမ္ဘာ့နိုင်ငံတွေရဲ့ ပထဝီ နိုင်ငံရေး အရသော်လည်း‌ကောင်း၊ သူတို့ လိုအပ်ချက် အရသော်လည်းကောင်း ပုံဖော်တဲ့အခါမှာ ကြားမှာရှိတဲ့ နိုင်ငံငယ်လေးတွေဟာ သူတို့ရဲ့ စစ်ရေးလိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့ ပထဝီနိုင်ငံ‌ရေးကို ကစားဖို့ ကစားကွက်ထဲ မှာ ကျနော်တို့တွေ မြေစာပင် မဖြစ်ဖို့လိုတယ်” ဟု ပြောသည်။

ARSA၊ ARSO တို့သည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)၏ အကူအညီကို အပြည့်အဝ ရယူပြီး နတ်မြစ်နှင့် မယူတောင်တန်း လမ်းကြောင်းများမှတဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက် နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိမှာ‌တွင် AA အနေဖြင့် ရခိုင်မြောက်ပိုင်းဒေသတွင် ARSA၊ ARSO တို့ကို လိုက်လံရှင်းလင်း နေကြောင်းလည်း ထုတ်ပြန်ထားသည်။