CNI International News

တိုကျို၊ အောက်တိုဘာ ၃၀

တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ တွေ့ဆုံမည့် အစည်းအဝေးကို နိုင်ငံတကာက စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ထရမ့်နှင့်ရှီတို့ တွေ့ဆုံချိန်တွင် အဓိက စောင့်ကြည့်ရမည့် အချက်များရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် အဓိက ဆွေးနွေးမည့် ပထမအချက်မှာ ကုန်သွယ်ရေးနှင့် ကုန်သွယ်ခွန်များ အပြန်အလှန် တိုးမြှင့်မှုကို သဘောတူညီမှု ရယူရေးဖြစ်သည်။

ထရမ့်သည် တရုတ်၏ မြေရှားသတ္တု တင်ပို့မှုများ ထိန်းချုပ်မှုကဲ့သို့ အဓိက အရေးကိစ္စ္စများတွင် တင်းမာမှုများ လျော့ကျစေရန် သဘောတူညီချက် တစ်ခုကို ရရှိအောင် တွန်းအားပေး လုပ်ဆောင်ဖွယ်ရှိနေသည်။

ဒုတိယအချက်မှာ ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းသို့ ဖန်တနိုင်းလ် (Fentanyl) မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တိုက်ဖျက်ရေးအတွက် ရှီနှင့် အလေးအနက် ဆွေးနွေးသွားဖွယ်ရှိသည်။

အမေရိကန်သည် ထိုမူးယစ်ဆေးဝါး ကိစ္စနှင့်ပတ်သက်ပြီး တရုတ် ကုန်စည်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့် ခဲ့ခြင်းဖြစ်သဖြင့် ထိုအရေးကိစ္စသည် ဆွေးနွေးညှိနှိုင်းမှုများတွင် မပါမဖြစ် ပါဝင်လာမည်ဖြစ်သည်။

တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်သမ္မတတွေနဲ့ ဂျပန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်

တတိယအချက်မှာ မြေရှားသတ္တုများ ထောက်ပံ့ရေး ကွင်းဆက်ဖြစ်သည်။ တရုတ်သည် မြေရှားသတ္တုများ တင်ပို့မှုကို ကန့်သတ်ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်ကို ထိခိုက်စေခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် တရုတ်၏ မြေရှားသတ္တုများ တင်ပို့ရောင်းချမှုအား ထိန်းချုပ်ထားမှုအပေါ် ဖြေလျှော့စေရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

စတုတ္ထအချက်မှာ အမေရိကန်-တရုတ် အားပြိုင်မှုတွင် တောင်ကိုရီးယားနိုင်ငံ၏ အခန်းကဏ္ဍဖြစ်သည်။

ရှီနှင့် ထရမ့်တို့သည် တောင်ကိုရီးယားတွင် တွေ့ဆုံခြင်းက ဒေသတွင်း တောင်ကိုရီးယား၏ အခန်းကဏ္ဍကို မြင့်တက်စေမည် ဖြစ်သည်။

တောင်ကိုရီးယားသည် APEC အစည်းအဝေးကို သဘာပတိအဖြစ် လက်ခံ ကျင်းပရုံသာမက အမေရိကန်နှင့် တရုတ်ကြား အင်အား ချိန်ခွင်လျှာညှိမည့် နိုင်ငံအဖြစ် ရှုမြင်ခံထားရသည်။

နောက်ဆုံး အချက်မှာ ထိပ်သီး အစည်းအဝေးများသည် မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိလေ့ရှိသဖြင့် ထရမ့်နှင့် ရှီတို့၏ တွေ့ဆုံမှုတွင် အလုံးစုံ သဘောတူညီမှု ရရှိခြင်းထက် ပြဿနာများကို သင့်တော်စွာ စီမံဖြေရှင်းရေး သဘောတူညီမှုသာ ရရှိဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: NikkeI Asia