CNI International News

ဘေကျင်း၊ အောက်တိုဘာ ၃၀

တရုတ်နှင့် အိန္ဒိယစစ်တပ်သည် နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထို့နောက် အခြေခံ ပြဿနာများကို ဖြေရှင်းရန် တည်ဆဲ လုပ်ထုံးလုပ်နည်းများအား အသုံးပြုရန် သဘောတူခဲ့ ကြောင်း အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။ 

တရုတ်နှင့် အိန္ဒိယတို့သည် ၂၀၂၀ ပြည့်နှစ်က အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့ သည့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် ဟိမဝန္တာနယ်စပ်တွင် စစ်ရေးတင်းမာမှုများကို လျှော့ချရန် ပြီးခဲ့သည့်နှစ်က သဘောတူညီမှု ရရှိခဲ့သည်။

ထိုသဘောတူညီချက်ကို ၂၀၂၄ ခုနှစ်က လက်မှတ်ရေးထိုး ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးများ တိုးမြှင့်ရေးတို့ အပါအဝင် ဆက်ဆံရေးများ တိုးတက်အောင် အစီအစဉ်များ လုပ်ဆောင်ခဲ့ကြသည်။

တရုတ်နဲ့အိန္ဒိယ နယ်စပ် အငြင်းပွားနေရာကို တွေ့ရစဉ်

အောက်တိုဘာ ၂၅ ရက်က အိန္ဒိယနိုင်ငံ၏ သဘောထားကို အခြေခံသည့် ထိပ်သီးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံကြား စစ်တပ်နှင့် သံတမန်ရေး လမ်းကြောင်းများမှတဆင့် ဆွေးနွေးမှုများအား ဆက်လက် လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့ နယ်စပ်ဒေသတစ်လျှောက် အခြေခံပြဿနာတွေကို ဖြေရှင်းဖို့ လက်ရှိ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက် အသုံးပြုမယ်လို့ သဘောတူခဲ့ကြပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လက အိန္ဒိယဝန်ကြီချုပ် မိုဒီ (Narendra Modi) သည် ၇ နှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက် ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့က အိန္ဒိယနှင့် တရုတ်တို့သည် ပြိုင်ဘက်များ မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များဖြစ်ကြောင်း သဘောတူခဲ့ကြပြီး ကုန်သွယ်မှု ဆက်ဆံရေးကို တိုးမြှင့် ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

Source: ရိုက်တာ