CNI International News

ဒူဘိုင်း၊ အောက်တိုဘာ ၃၀

ယီမင်နိုင်ငံတွင် ဧပြီလအတွင်းက ဟူရ်သီသူပုန်များ ထိန်းချုပ်ထားသည့် အကျဉ်းထောင်အား အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယီမင်နိုင်ငံ ဆက်ဒါ (Saada) ပြည်နယ်တွင် ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် အကျဉ်းထောင် အတွင်း ထိန်းသိမ်းခံထားရသည့် အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၆၀ ခန့် သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုကို စုံမ်းစစ်ဆေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တိုက်တွန်းခဲ့သည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲ ဖြစ်ပွားနေချိန်အတွင်း ပင်လယ်နီတွင် ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ပစ်မှတ်ထားနေသော ဟူရ်သီသူပုန်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ညွှန်ကြား ချက်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေချိန်တွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်ကမူ ထိုအကျဉ်းထောင်အား တိုက်ခိုက်မှုအတွက် မည်သည့် ရှင်းလင်းချက်မှ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

 ယီမင်အကျဉ်းထောင် မြေပုံအညွန်းကို တွေ့ရစဉ်

ဟူရ်သီသူပုန်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ယခင်က ထိုအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ဖူးသည်။

“Operation Rough Rider စစ်ဆင်ရေးရဲ့ ခန့်မှန်းသုံးသပ်ချက် ရလဒ်တွေကို မကြာခင် ထုတ်ပြန်ဖို့ လုပ်ဆောင် နေပြီး ထိခိုက်နစ်နာခဲ့ရတဲ့ အရပ်သားတွေရဲ့ သတင်းတွေ အားလုံးကို ရယူနေပါတယ်” ဟု အမေရိကန် ဗဟိုစစ် ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး တင်မ် ဟော့ကင်းစ် (Tim Hawkins) က ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဟူရ်သီအဖွဲ့သည် အမေရိကန်စစ်တပ် အသုံးပြုခဲ့သည့် အလေးချိန် ပေါင် ၂၅၀ ရှိသော GBU-39 ဗုံးများ၏ အပိုင်းအစများကို ပြသခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြား ခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အင်တာဗျူးခဲ့သည့် အသက်ရှင်ကျန်ရစ်သော   အီသီယိုပီးယား ရွှေ့ပြောင်းများကမူ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်အတွင်း အကျဉ်းထောင် အဆောက်အအုံ အတွင်း၌ ဟူရ်သီ တိုက်ခိုက်ရေး သမားများကို မတွေ့ရကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာဥပဒေအရ ဆေးရုံများ၊ အကျဉ်းထောင်များကို တိုက်ခိုက်ရေး အစီအစဉ်များအတွက် အသုံးပြုခြင်း၊ လက်နက်ခဲယမ်းများ သိုလှောင်ခြင်းတို့အတွက် အသုံးပြုခြင်း မရှိပါက ထိုအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တားမြစ်ထားသည်။

Source: အေပီ