CNI International News

ဆန်နာ၊ ဧပြီ ၂၆

ယီမင်နိုင်ငံ၏ ဟူရ်သီလက်နက်ကိုင်အဖွဲ့သည် မကြာသေးမီ သီတင်းပတ်များအတွင်းက  ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အမေရိကန်၏ Reaper ဒရုန်း ၇ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟု အယ်လ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

မတ်လ ၃၁ ရက်မှ ဧပြီ ၂၂ ရက်အတွင်း ထိုဒရုန်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဌာန၏ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

အမေရိကန်က ယီမင်နိုင်ငံကို လေကြောင်းစစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဟူရ်သီအဖွဲ့က အမေရိကန်၏ ဒရုန်းများအား ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုဒရုန်းများအနက် ၃ စင်းသည် လွန်ခဲ့သည့် သီတင်းပတ် တစ်ပတ်အတွင်း၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဟူရ်သီ အဖွဲ့သည် အမြင့်ပေ အလွန်မြင့်မားသော အမေရိကန်လေယာဉ်များကို တိုက်ခိုက်နိုင်သည့် စွမ်းရည်တိုးတက်လာ မှုကို ပြသနေရာ ရောက်သည်ဟု သုံးသပ်ထားကြသည်။

တစ်စင်းလျှင် ဒေါ်လာသန်း ၃၀ တန်ကြေးရှိ ထိုဒရုန်းများသည် ထောက်လှမ်းရေး သို့မဟုတ် တိုက်ခိုက်ရေးမစ်ရှင် များအတွက် အသုံးပြုနေချိန်တွင် ရေထဲ သို့မဟုတ် ကုန်းပေါ်သို့ ပျက်ကျသွားခြင်းဖြစ်သည်။

ထိုဒရုန်းများကို မတ်လ ၃၁ ၊ ဧပြီ ၃ ၊ ၉၊ ၁၃ ၊ ၁၈ ၊ ၁၉ နှင့် ၂၂ ရက်တို့တွင် ပစ်ချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက အေပီသတင်းဌာနကို ပြောပြခဲ့သည်။

ဟူရ်သီသူပုန်များရဲ့ အမေရိကန်ဒရုန်းများ တိုက်ခိုက်ခံမှု သရုပ်ဖော်ပြထားစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဟူရ်သီအဖွဲ့ကို နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၁၅ ရက်နောက်ပိုင်း ယီမင်ရှိ ဟူရ်သီအဖွဲ့ ထိန်းချုပ်ထားသော နေရာများတွင် အရပ်သားများစွာ သေဆုံးခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် ပစ်မှတ် ၈၀၀ ကျော်ကို ပစ်ခတ်ခဲ့ပြီး ကွပ်ကဲရေးစင်တာများ၊ လက်နက်သိုလှောင်ရုံ များနှင့် လေကြောင်းကာကွယ်ရေးစနစ်များကို ဖျက်ဆီးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ရာနှင့်ချီသော ဟူရ်သီ တိုက်ခိုက်ရေးသမားများနှင့် ခေါင်းဆောင်များကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အမေရိကန်၏ ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေ့ဗ်အိစ်ဘန်း(Dave Eastburn)က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဒရုန်းများ ဆုံးရှုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိ ရရှိထားသည့် အချက်အလက်များအရ ဒရုန်းများ ဆုံးရှုံးမှုသည် ပစ်ခတ်ဖျက်ဆီးမှုကြောင့် ဖြစ်ဖွယ်ရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။

Source: အယ်လ်ဂျားဇီးယား