CNI International News

ဆန်နာ၊ ဧပြီ ၂၉

ယီမင်နိုင်ငံ၏ ဟူရ်သီအဖွဲ့သည် ရေနံတင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်၏ MQ-9 Reaper ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်မှုများအား ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ဟူရ်သီအဖွဲ့က ပြောကြားနေချိန်၌ ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဟူရ်သီအဖွဲ့သည် ပင်လယ်နီတွင် ဗြိတိန် ရေနံတင်သင်္ဘော Andromeda Star ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုဒုံးကျည်များသည် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်ဟု ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီ (Yahya Saree) က ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်ကလည်း ဟူရ်သီအဖွဲ့သည် ပင်လယ်နီအတွင်းရှိ ပစ်မှတ်များကို သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ၃ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး MV Andromeda Star သင်္ဘော ထိခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရေနံတင်သင်္ဘောကို တွေ့ရစဉ်

ထိုသင်္ဘောသည် မကြာသေးမီက ဗြိတိန်က ဆေးချဲလ် (Seychelles) ကျွန်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ရောင်းချခဲ့သည့် သင်္ဘောဖြစ်သည်ဟု ဆိုသည်။

“MV Andromeda Star သင်္ဘောဟာ အနည်းငယ် ထိခိုက်သွားခဲ့ပေမယ့် သူ့လမ်းကြောင်းအတိုင်း ဆက်လက် မောင်းနှင် နေပါတယ်”ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် CENTCOM က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထိုတိုက်ခိုက်မှုများတွင် အမေရိကန်ဦးဆောင်သည့် ပင်လယ်ရေကြောင်း ညွန့်ပေါင်းအဖွဲ့များ၌ ထိခိုက်ဒဏ်ရာ ရမှုများမရှိကြောင်း ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့၏ နောက်ထပ် ထုတ်ပြန်ချက်တစ်ခုတွင် ဟူရ်သီလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များသည် ယီမင်၌ အမေရိကန်စစ်တပ်၏ MQ-9 Reaper တိုက်ခိုက်ရေး ဒရုန်းတစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုဒရုန်းသည် ယီမင်၏ ဆာဒါး (Saada)မြို့ လေပိုင်နက်အတွင်းတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဆာရီက ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်ကို တွေ့ရစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်စစ်တပ်က မှတ်ချက် မပေးခဲ့သော်လည်း အမေရိကန်၏ CBS News ရုပ်သံလိုင်းကမူ ဒေါ်လာ သန်း ၃၀ တန်ကြေးရှိသည့် MQ-9 ဒရုန်းသည် ဧပြီ ၂၇ ရက်က ယီမင်နိုင်ငံ အတွင်း တွင် ပျက်ကျခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။

ထိုဒရုန်းသည် ဂါဇာတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟူရ်သီအဖွဲ့၏ ပစ်ချခြင်း ခံခဲ့ရသည့် တတိယမြောက် အမေရိကန် ဒရုန်းဖြစ်ပြီး ပထမဒရုန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပစ်ချခံခဲ့ရကာ ဒုတိယမြောက် ဒရုန်းသည် ယခုနှစ် ဖေဖော်ဝါရီလက ပစ်ချခံခဲ့ရသည်။

Source: အယ်လ်ဂျာဇီးယား