CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၅

ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်ရန် အမေရိကန်နှင့် မဟာမိတ် ၁၂ နိုင်ငံက ဟူရ်သီ သူပုန်အဖွဲ့ကို နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့နောက် တိုက်ခိုက်မှုများကို မရပ်တန့်ပါက စစ်ရေးအရ ပစ်မှတ်ထား အရေးယူမှုများနှင့် ခံရမည်ဟု သတိပေးခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ယီမင်အခြေစိုက် ဟူရ်သီသူပုန်အဖွဲ့သည် ဂါဇာတွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို တုန့်ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်မှစပြီး ပင်လယ်နီ၌ တိုက်ခိုက်မှုများအား ၂၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။ 

အမေရိကန်သမ္မတ ဂျိုဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့မှ ထိပ်သီးအရာရှိတစ်ဦးကတော့ ဟူရ်သီသူပုန် အနေ နှင့် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်မည်ဆိုပါက သတိပေးချက် ထွက်ပေါ်လာမည်မဟုတ်ဘဲ တိုက်ခိုက်မှု ကို ခံရမည်ဟု ပြောကြားခဲ့သည်။ 

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ဟူရ်သီတို့၏ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဇန်နဝါရီ ၃ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

ဟူရ်သီသူပုန်များကို တွေ့ရစဉ်

ထို့နောက် နိုင်ငံတကာ၏ စိတ်ရှည်သည်းခံမှုသည် ကုန်ခန်းလာပြီဖြစ်ကြောင်း အလေးထားပြောကြားခဲ့သလို အမည်မဖော်လိုသည့် အမေရိကန် ထိပ်သီးအရာရှိ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်၊ သြစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ စင်္ကာပူနှင့် ဗြိတိန်နိုင်ငံတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

သီးခြားအနေဖြင့် အမေရိကန်က ဟူရ်သီတို့အပေါ် အရေးယူရန် ဇန်နဝါရီ ၃ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို တိုက်တွန်းခဲ့သလို ဟူရ်သီအဖွဲ့အား ငွေကြေး ထောက်ပံ့ပေးနေသည့် အီရန်အနေဖြင့်  ဟူရ်သီအဖွဲ့နှင့် ပတ်သက်ပြီး ရွေးချယ်ခွင့်ရှိသေးကြောင်း သတိပေးခဲ့သည်။

ဟူရ်သီသူပုန်များကို တွေ့ရစဉ်

"ကျနော်တို့ရဲ့ အမှာစကားကတော့ ရှင်းပါတယ်။ ဒီလို တရားမဝင် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ တရား မဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သင်္ဘောတွေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဟူရ်သီအဖွဲ့အနေနှင့် လူ့အသက်များ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ဒေသတွင်း အရေးကြီးသည့် ကုန်သွယ် ရေး လမ်းကြောင်းများအပေါ် ဆက်လက် ခြိမ်းခြောက်နေမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ဟူရ်သီအဖွဲ့သည် အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများ၊ အစ္စရေး နိုင်ငံ၏ ဆိပ်ကမ်းများသို့ ဦးတည် သွားရောက်နေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း တာဝန်ခံ ထွက်ဆို ခဲ့သည်။

Source: အေပီ