CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

၂၀၂၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ နေရာအတွက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

သို့သော် သမ္မတအဖြစ် တတိယသက်တမ်းကို ထမ်းဆောင်ချင်လိုကြောင်း ၎င်းက ပြောသည်။

အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတနေရာအတွက် တတိယသက်တမ်း ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ် ထားသည့်တိုင် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် သမ္မတအဖြစ် ပထမသက်တမ်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယ သက်တမ်းကို ယခုနှစ် ဇန်နဝါရီလမှ စတင် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

အသက် ၇၉ နှစ် အရွယ်ရှိပြီဖြစ်သည့် ထရမ့်သည် အခြေခံဥပဒေတွင် သတ်မှတ်ထားသော သမ္မတသက်တမ်း ၂ ကြိမ်ထက် ပိုမိုတာဝန် ထမ်းဆောင်ချင်သည့် အကြောင်းကို မကြာခဏ ပြောကြားခဲ့သလို လူထုတွေ့ဆုံပွဲများတွင် လည်း မဲဆွယ်စည်းရုံးရေးကို ရည်ညွှန်းသည့် “Trump 2028” ဦးထုပ်များ ဝတ်ဆင်ထားသော ထောက်ခံသူများနှင့် အရွှမ်းဖောက် ပြောကြားခဲ့သည်။

ထရမ့် ထောက်ခံသူတစ်ဦး ၂၀၂၈ ထရမ့်ဆိုတဲ့ ဦးထုပ် ဆောင်းထားစဉ်

အောက်တိုဘာ ၂၇ ရက်က Air Force One လေယာဉ်ပေါ်တွင် ထရမ့်ကို သတင်းထောက်များက ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒုသမ္မတ နေရာအတွက် ပြိုင်ဆိုင်ရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ထိုအချိန်တွင် ထရမ့်က “ကျနော် ပြိုင်မှာ မဟုတ်ပါဘူး။ ဒါက အရမ်းဉာဏ်များတယ်လို့ ကျနော် ထင်ပါတယ်။ လူတွေကလည်း သဘောကျမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ဉာဏ်နီဉာဏ်နက်များတဲ့ ပုံစံမျိုး ဖြစ်နေလို့ပါပဲ။ ဒါက မသင့်တော်ပါဘူး”ဟု ဖြေကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ထရမ့်သည့် အခြေခံဥပဒေအရ သမ္မတနေရာအတွက် သာမက ဒုတိယသမ္မတ နေရာအတွက်ပါ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသူသည် ဒုတိယသမ္မတ နေရာ အတွက်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသည်။

Source: Al Jazeera