CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉

နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီးနောက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များကနေ တအာင်းတပ်ဖွဲ့ များ ဆုတ်ခွာမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကူမင်းမြို့မှာ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သောအဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ၉ ကြိမ်မြောက်ဖြစ်ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၉ ရက် တွင် စတင် အသက်ဝင်ကြောင်း သဘောတူညီခဲ့ကြသည်။

TNLA က “ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူ သတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ် တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲ ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုဘဲ။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ဖက် ရောက်ရှိ သည့် နေရာတွင် တပ်များ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြကြောင်း” ထုတ်ပြန် ပြောကြားခဲ့သည်။ 

TNLA သည် မိုးကုတ်နှင့်မိုးမိတ်မြို့နယ်ကနေ ဘယ်အချိန် ကာလတွင် အပြီးဆုတ်မည်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပေ။

TNLA oည် ၁၀၂၇ စစ်ဆင်ရေးအတွက် မြို့နယ် ၁၂ မြို့နယ်ကို တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော် က နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်-ဇူလိုင်လမှ စတင်ကာ ပြန်လည် သိမ်းပိုက်ခဲ့သည်။