CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂

မိမိတို့ တပ်ဖွဲ့သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် သူ၏ ဖေ့စ်ဘွတ်ခ်ကနေ ရေးသား ထုတ်ဖော်ပြောကြားခဲ့သည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မိုးကုတ်မြို့ကို မြန်မာ့တပ်မတော်ထံမှ သိမ်းပိုက်ရရှိခဲ့သည်။

ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၌ မြန်မာ့တပ်မတော်ထံ မိုးကုတ်မြို့ကို  ပြန်လည် လွှဲပြောင်းပေးခဲ့ရခြင်းအပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး “မိုးကုတ်ဋီကာ”ဆိုသော ခေါင်းစဉ်ဖြင့် ရေးသား၍ တုန့်ပြန်ခဲ့သည်။

ဗိုလ်ချုပ်တားဘုန်းကျော်က “ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ် (မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။ နွေဦးတော်လှန်ရေး မှာ  ၁၀ နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်။ လက်သုံချောင်းထောင် သူတွေကို လစဉ် ဆန်ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင် လေ့ကျင့်ပျိုးထောင်ခဲ့တယ်။  ၃-၄ နှစ်ကာလအတွင်း အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့တယ်”ဟု ပြောသည်။

TNLA သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်နေသည်မှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းထံမှာ အကြွေးတင်နေသည်ကိုတော့ ထည့်သွင်းပြောကြားမသွားပေ။

သို့သော် လက်နက်ကိုင်အဖွဲ့အစည်းများကတော့ TNLA လက်နက်အကြွေးတင်နေသည်မှာ UWSA ထံမှာ ဖြစ်ကြောင်း ပြောသည်။

ထို့နောက် အာဏာရှင်နံရံကို ခေါင်းနှင့်အတင်း ဝင်တိုက်၍ ဦးခေါင်းက သွေးချင်းနီရဲ၍ သေမလောက်ဖြစ်ခဲ့ ကြောင်း၊ ဗမာများ D Day ခေါ်၍ လိုက်မပါနိုင်ပေမယ့် မီရာအရှိန်နှင့်လိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ တကယ့် တကယ် ၁၀၂၇ လုပ်တော့ မည်သည့် D Day ကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်ခဲ့ပြီး ရွာက အိမ်သူလိုည်များပါ လေယာဉ်ဗုံးဒဏ်သင့်ကြရကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်တားဘုန်းကျော်က “ ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။ ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်းနည်းလာတော့  မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်။ ပွဲက မပြီးသေး ပါဘူး။ ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်။ အိုကွယ် …မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်။ တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ၊ ပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ။ တော်လှန်သူတွေအတွက် ငါတို့ရင်ခွင် ဖွင့်ထားတာမို့ လိုအပ်ရင်ခိုနားလှည့်ပါလေ”ဟု ပြောသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ် တပ်ပေါင်းစုများဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင် ခဲ့ပြီး ဒုတိယလှိုင်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့သည်။

ထို့နောက် မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ နောင်ချို၊ ကျောက် မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့နယ်များကို မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်လာခဲ့သည်။