CNI International News

ဒူဘိုင်း၊ မတ်လ ၁၂

ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါ (Al-Qaida) အဖွဲ့ခွဲခေါင်းဆောင် ခါလစ် အယ်လ် ဘာတာဖီ (Khalid al-Batarfi) သည် သေဆုံးသွားကြောင်း ထိုအဖွဲ့က မတ်လ ၁၀ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်ဟု အေပီမှဖော်ပြခဲ့သည်။

သို့သော် သေဆုံးရသည့် အကြောင်းရင်းကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။

အာရေဗျ ကျွန်းဆွယ် (Arabian Peninsula) ရှိ အယ်လ်ကိုင်ဒါအဖွဲ့ကို ဦးဆောင်သည့် အယ်လ် ဘာတာဖီကို အမေရိကန်က ဆုကြေးငွေ ဒေါ်လာ ၅ သန်း ထုတ်ထားသူဖြစ်သည်။

သူသည် ထောင်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း ထောင်ဖောက်ပြေးခဲ့ကာ ယီမင်ရှိ အယ်လ်ကိုင်ဒါအဖွဲ့ကို အုပ်ချုပ်ခဲ့သူဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ထိုအဖွဲ့၏ ခေါင်းဆောင်များ တစ်ဦးပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့ကာ AQAP ဟု လူသိများသည့် ထိုအဖွဲ့သည် အယ်လ်ကိုင်ဒါ အဖွဲ့ထူထောင်သူ အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးခဲ့ပြီးနောက်ပိုင်း အန္တရာယ် အများဆုံး အယ်လ်ကိုင်ဒါအဖွဲ့ခွဲတစ်ခု ဖြစ်လာခဲ့သည်။

အယ်လ်ကိုင်ဒါအဖွဲ့က ထုတ်ပြန်သည့် ဗွီဒီယိုထဲတွင် အယ်လ် ဘာတာဖီ၏ အလောင်းကို အသုဘချသည့် အဝတ်ဖြူစနှင့် အယ်လ်ကိုင်ဒါ အလံတို့နှင့်ပတ်ထားပြီး ဈာပနအခမ်းအနားကို ဖော်ပြခဲ့သည်။

ဆာအက် ဘင် အအက်တက်ဖ် အယ်လ် အော်လာကီကို တွေ့ရစဉ်

အယ်လ်ဘာတာဖီ သေဆုံးရသည့် အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သူသည် သေဆုံးချိန်တွင် အသက် ၄၀ ခန့်ရှိပြီဟု ယူဆရသည်။

အယ်လ်ကိုင်ဒါအဖွဲ့သည် အယ်လ်ဘာတာဖီ သေဆုံးသည့်သတင်းကို မွတ်ဆလင်ဘာသာဝင်များ ရာမဒန် ဥပုသ် ကာလမတိုင်မီ ကြေညာခဲ့ခြင်းဖြစ်ပြီး ယီမင်နိုင်ငံတွင် ရာမဒန် ဥပုသ်ကာလသည် မတ်လ ၁၁ ရက်တွင် စတင်ခဲ့ ခြင်းဖြစ်သည်။

လစ်လပ်သွားသည့် ခေါင်းဆောင်နေရာကို ဆာအက် ဘင် အအက်တက်ဖ် အယ်လ် အော်လာကီ (Saad bin Atef al-Awlaki) က တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အယ်လ်ကိုင်ဒါအဖွဲ့က ကြေညာခဲ့သည်။

အမေရိကန်သည် အယ်လ် အော်လာကီကို ဆုကြေးငွေ ဒေါ်လာ ၆ သန်း ထုတ်ထားပြီး သူသည် အမေရိကန်နှင့် မဟာမိတ်များကို တိုက်ခိုက်ရန် လူသိရှင်ကြား လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ၏ အယ်လ်ကိုင်ဒါအဖွဲ့သည် ၂၀၀၉ ခုနှစ်က အမေရိကန် လေကြောင်းလိုင်းတစ်ခုကို ဗုံးထောင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ထိုအကြမ်းဖက်ကွန်ရက်ကို အန္တရာယ်အများဆုံး အယ်လ်ကိုင်ဒါ အဖွဲ့ခွဲအဖြစ် အမေရိကန်က သတ်မှတ်ခဲ့သည်။

Source: အေပီ