CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တွင် အမေရိကန်၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ သေဆုံးသွားပြီဟု သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့ကြောင်း အေပီသတင်းဌာနမှ ရေးသားဖော်ပြသည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အမေရိကန်နိုင်ငံရှိ World Trade Centre အမြွှာညီနောင်မျှော်စင် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ မိသားစုများအတွက် တရားမျှတအောင် နောက်ဆုံး လုပ်ရပ်အဖြစ် ယခုဒရုန်းဖြင့် တုံ့ပြန်ခဲ့ခြင်း ဖြစ် ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ ညနေခင်း ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ၎င်းက “အမေရိကန် ထောက်လှမ်းရေးသည် အယ်လ်ဇာဝါဟာရီ ကို ၎င်း၏ မိသားစုနှင့်အတူ ပုန်းအောင်းနေသည့် ကဘူးလ်မြို့နယ်ရှိ နေအိမ်သို့ ခြေရာခံမိခဲ့ကြောင်း” ထုတ်ဖော် ပြောကြားခဲ့ သည်။

အဆိုပါ စစ်ဆင်ရေးကို အမေရိကန်သမ္မတ၏ လုပ်ပိုင်ခွင့်ထဲမှ ယခင်သီတင်းပတ်တွင် အတည်ပြု ပေးခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

သေဆုံးသွားသည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ (AP)

ဇာဝါဟာရီနှင့် အိုစမာဘင်လာဒင်တို့သည် သာမန် အမေရိကန် နိုင်ငံသားပေါင်း မြောက်မြားစွာတို့ကို ၎င်းတို့၏ အယ်လ်ကိုင်း ဒါး အစွမ်း သိသာစေဖို့ 9/11 တိုက်ခိုက်မှုကို ကြံစည် အကောင်အထည်ဖော်ခဲ့ကြသည်။

ဘင်လာဒင်ကို အမေရိကန်က ဆယ်စုနှစ် တစ်ခုနီးပါးကြာ ပိုက်စိတ်တိုက် ရှာဖွေပြီးနောက် အမေရိကန် နေဗီဆီးလ် အထူး တပ်ဖွဲ့၏ စစ်ဆင်ရေးဖြင့် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်တွင် ပါကစ္စတန်နိုင်ငံထဲ၌ သုတ်သင် ရှင်းလင်းခဲ့သည်။

ယခု ဇာဝါဟာရီနှင့် ပတ်သက်၍ ဘိုင်ဒန်က “သူဟာ အာဖဂန်နစ္စတန်ကို ဘယ်တော့မှ နောက်တစ်ခါ ခြေချနိုင်တော့မှာ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့အတွက် အာဖဂန်ဟာ အကြမ်းဖက်သမားတို့ရဲ့ ဘေးရန်ကင်းတဲ့နေရာ ဖြစ်လာမှာပါ။ နောက် ထပ် ဘာမှထပ်မဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးသွားမယ်” ဟု ပြောကြားခဲ့သည်။

“အခုဆိုရင် ဒီလို အကြမ်းဖက် ခေါင်းဆောင်ဆိုတာ ထပ်မပေါ်လာတော့ပါဘူး” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ယခု ဇာဝါဟာရီကို သုတ်သင်ဖို့ စစ်ဆင်ရေးသည် အာဖဂန်ထဲတွင် ဆယ်စုနှစ် ၂ ခုကြာ အမေရိကန်တို့ ရှိခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာခဲ့သည့် ၁၁ လအကြာ ဘိုင်ဒန်အစိုးရလက်ထက် သိသာထင်ရှားသော အကြမ်းဖက်ဝါဒ တန်ပြန်ရေး အောင်ပွဲ တစ်ခု လည်း ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP