CNI International News

ဘန်ကောက်၊ မတ်လ ၁၂

ထိုင်းနိုင်ငံ၏ Move Forward (MFP) ပါတီက တော်ဝင်အသရေဖျက်မှုဥပဒေကို ဆန့်ကျင်သည့် ၎င်းတို့ပါတီ၏ ရပ်တည်ချက်ကြောင့် ဖျက်သိမ်းခံရနိုင်ခြေရှိသော အလားအလားအပေါ် ထင်ကြေးပေးမှုများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး MFP ပါတီခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်း (Chaithawat Tulathon) က ကာကွယ်ပြောဆိုခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ချိုင်သာဝပ်သည် မွတ်ဒါဟန် (Mukdahan) မြို့တွင် ပါတီဝင်များနှင့် ထောက်ခံသူများ တက်ရောက်သည့် အစည်းအဝေး၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး MFP အနေဖြင့် ထိုအခြေအနေကို ဖြေရှင်းရန် အသင့်ရှိသည်ဟု ဆိုသည်။

ထိုအစည်းအဝေးတွင် ပါတီဝင်တစ်ဦးက ပါတီဖျက်သိမ်းခံရမည့် အလားအအလာနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ချိန်၌ ချိုင်သာဝပ်က ထိုစိုးရိမ်ပူပန်မှုများကို လျော့ကျစေမည့် မှတ်ချက်စကားများဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

MFP ပါတီကို မဲဆွယ်နေစဉ်

“ပါတီကို ကာကွယ်ဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်သွားရမှာပါ။ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လို အခြေအနေ မျိုးမဆိုအတွက် ကျနော်တို့ ပြင်ဆင်ရမှာပါ။ ပြီးခဲ့တဲ့ အတိတ်က ၅ နှစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ဖို့ လူတိုင်းကို ကျနော်ပြောလိုပါတယ်။ အခုဖျက်သိမ်းခံလိုက်ရတဲ့ Future Forward (FFP) ပါတီ နဲ့ Move Forward ပါတီဟာ အခုအချိန်အထိ အပြောင်းအလဲတွေလုပ်ဖို့ တွန်းအားပေး လုပ်ဆောင်လာခဲ့တာပါ”ဟု ချိုင်သာဝပ်က ပြောကြားခဲ့သည်။

FFP ပါတီသည် ဖျက်သိမ်းခံခဲ့ရပြီးနောက် MFP ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများအပြား အနိုင်ရရှိခဲ့သည်။

“ကျနော်တို့ရဲ့ အောင်မြင်မှုတွေကြောင့် အခုလို စိန်ခေါ်မှုတွေကို ကျနော်တို့ ရင်ဆိုင်နေရတာပါ။ ကျနော်တို့ရဲ့ အောင်မြင်မှုတွေဟာ ပြိုင်ဘက်တွေအတွက် မြန်ဆန်လွန်းလှပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

MFP ပါတီခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်းကို တွေ့ရစဉ်

ထို့ပြင် ထိုင်းနိုင်ငံရေးနှင့် လူမှုရေး အခင်းအကျင်းသည် လျင်မြန်စွာ ပြောင်းလဲနေသဖြင့် မိမိတို့ ပြိုင်ဘက်များသည် ၎င်းတို့၏ အာဏာကို ထိခိုက်စေမည်ကို ကြောက်ရွံ့နေကြကြောင်း၊ ထို့ကြောင့် ပြိုင်ဘက်များသည် လွတ်လပ် သည့် အေဂျင်စီများနှင့် ဥပဒေများကို အသုံးချပြီး မိမိတို့အား ဖယ်ရှားချင်နေကြောင်း ချိုင်သာဝပ်က ပြောသည်။

MFP ပါတီကို ဖျက်သိမ်းရန် အမှုအခင်းသည် ရှိလာလိမ့်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း ထိုအမှုနှင့်ပတ်သက်ပြီး သေချာရေရာသည့် အချိန်ကန့်သတ်ချက် မချမှတ်ရသေးပေ။

တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ရန် MFP ၏ ကြိုးပမ်းအားထုတ်မှုသည် စည်းမျဉ်းခံဘုရင်စနစ်ကို လျော့ပါးစေကြောင်း စွပ်စွဲထားသည့် အမှုနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် စီရင်ချက်ချခဲ့ပြီး MFP အနေဖြင့် ထိုကြိုပမ်းအားထုတ်မှုများကို ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်