CNI International News

ဘန်ကောက်၊ သြဂုတ် ၅

Move Forward Party(MFP)မှ လွှတ်တော်အမတ်များကို အစိုးရညွှန့်ပေါင်းအဖွဲ့အတွင်းရှိ အချို့ပါတီများက ၎င်းတို့၏ ပါတီများထဲသို့ဝင်ရန် စည်းရုံးသွေးဆောင်နေသည်ဟု MFP  ခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်း (Chaithawat Tulathon) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

အကယ်၍ MFP ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၇ ရက်တွင် ဖျက်သိမ်းခဲ့မည်ဆိုပါက ပါတီ လက်မဲ့ဖြစ်သွားမည့် MFP မှ လွှတ်တော်အမတ်များကို အခြားပါတီများက စည်းရုံးခြေင်းဖြစ်သည်ဟု ချိုင်သာဝပ် က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ MFP သည် မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို သစ္စာဖောက်မည် မဟုတ်ကြောင်း၊ ပါတီ၏ အနာဂတ်နှင့် ပတ်သက်ပြီး သေချာရေရာမှုမရှိသည့် အခြေအနေတွင် လွှတ်တော်အမတ်များကို အထူးညွှန်ကြား ချက်များ ပေးခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

MFP  ခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်းကို တွေ့ရစဉ်

လွှတ်တော်အမတ်များအကြား သဘောထား ကွဲလွဲမှုများသည် ပါတီကို ထိခိုက်စေမည်ဖြစ်သဖြင့် ထိုအခြေအနေ မျိုးကို မဖန်တီးလိုကြောင်း ချိုင်သာဝပ်က ပြောသည်။

MFP သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီကို ပျက်ပြယ်စေရန် လုပ်ဆောင်မှုဖြင့် ရွေးကောက်ပွဲ ကော်မရှင်က MFP ကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တရားစွဲဆိုခဲ့သော်လည်း ပါတီ ဖျက်သိမ်းခံရလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားဆဲဖြစ်သည်ဟု ချိုင်သာဝပ်က ပြောသည်။

MFP ပါတီ ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

MFP ၏ လွှတ်တော်အမတ်အချို့သည် ပါတီဖျက်သိမ်းခံမည့် အခြေအနေနှင့်ပတ်သက်ပြီး အခြားပါတီထဲသို့ဝင်ရန် ချဉ်းကပ်မှုများ ရှိနေသည်ဆိုသည့် ကောလာဟလများနှင့်ပတ်သက်ပြီး ချိုင်သာဝပ်က မှတ်ချက်ပေးရာတွင် ထိုသတင်းများသည် သေချာရေရာမှုမရှိကြောင်း ပြောကြားခဲ့သည်။

မီဒီယာများနှင့် ပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ချက်ကို အာရုံစိုက် စောင့်ကြည့် ရန်နှင့် ထိုစီရင်ချက်သည် MFP အတွက် သာမကဘဲ ထိုင်းနိုင်ငံရေး လောကအပေါ်တွင်ပါ သက်ရောက်လိမ့်မည် ဖြစ်ကြောင်း ချိုင်သာဝပ်က ပြောကြားခဲ့သည်။

Source: Thai PBS World