CNI International News

ပေကျင်း၊ မတ်လ ၁၂

တရုတ်၏ အာဏာရကွန်မြူနစ်ပါတီအား အစိုးရအဖွဲ့ဖြစ်သည့် နိုင်ငံတော်ကောင်စီအပေါ် ပိုမိုထိန်းချုပ်ခွင့် ရရှိစေ မည့် ဥပဒေတစ်ရပ်ကို လွှတ်တော်က မတ်လ ၁၁ ရက်တွင် စိစစ်အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်တွင် ဆယ်စုနှစ် ၃ စုအတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော် အစည်းအဝေးအပြီး ဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပြီးနောက် ထိုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ဘေကျင်းမြို့တော်တွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေး၏ ပိတ်ပွဲနီးကပ်လာချိန်တွင် State Council Organic Law အမည်ရှိ ထိုဥပဒေ ပြင်ဆင်ပြောင်းလဲမှုကို ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၂၈၈၃ မဲ၊ ကန့်ကွက်မဲ ၈ မဲ၊ ပယ်မဲ ၉ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်အလံကို တွေ့ရစဉ်

ထိုဥပဒေပြဋ္ဌာန်းမှုသည် မကြာသေးမီ နှစ်များအတွင်း ဝန်ကြီးချုပ် လီချင် (Li Qiang) ဦးဆောင်သည့် နိုင်ငံတော် ကောင်စီ၏ အုပ်ချုပ်ခွင့်အာဏာကို တစ်စထက်တစ်စ လျော့ပါးစေသည့် စီမံလုပ်ဆောင်မှုများအနက် နောက်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်သည်။

နိုင်ငံတော်ကောင်စီသည် ပုံမှန်အားဖြင့် တရုတ်၏ ဒေသန္တရ အစိုးရများနှင့် အစိုးရဝန်ကြီးဌာန ၂၁ ခုကို ကြီးကြပ်ရသည့် အဖွဲ့ဖြစ်သည်။

၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုဥပဒေကို ပြင်ဆင်ပြောင်းလဲမှုသည် ကွန်မြူနစ်ပါတီအား လုပ်ပိုင်ခွင့်အာဏာများ ပိုမိုအပ်နှင်းသည့် ပုံစံဖြစ်ပြီး ပါတီ၏ လမ်းညွှန်ချက်များအတိုင်း အစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီညီလာခံကို တွေ့ရစဉ်

အသစ်ထည့်သွင်းပြဋ္ဌာန်းခဲ့သည့် ဥပဒေအပိုဒ်ခွဲတွင် “နိုင်ငံတော်ကောင်စီအနေဖြင့် ပါတီဗဟိုကော်မတီ၏ အာဏာနှင့် အကြွင်းမဲ့ ခေါင်းဆောင်မှုအောက်တွင် တိတိကျကျ လိုက်နာဆောင်ရွက်ရမည်”ဟု ရေးသားဖော်ပြခဲ့သည်။

“ဒါဟာ တရုတ်နိုင်ငံမှာ အုပ်ချုပ်ရေးအာဏာကို ပြန်လည်ဖွဲ့စည်းမှုရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုဖြစ် ပါတယ်”ဟု တရုတ်၏ ဟောင်ကောင်တက္ကသိုလ်မှ ဥပဒေပါမောက္ခ ရိုင်ယန် မစ်ချဲလ် (Ryal Mitchell) က ပြောကြားခဲ့သည်။

ထို့ပြင် ထိုလုပ်ဆောင်ချက်သည် ပါတီအနေဖြင့် နိုင်ငံ၏ အဓိက ယန္တရားများကို အပြည့်အဝ ထိန်ချုပ်လိုသည့် ရည်ရွယ်ချက်ကို ပြသခြင်းလည်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) ရှိ ဂျော့ချ်တောင်း တက္ကသိုလ်မှ အာရှရေးရာ ဥပဒေပါမောက္ခ သောမတ်စ် ကယ်လ်လော့ဂ် (Thomas Kellogg) က ပြောကြားခဲ့သည်။

Source: ရိုက်တာ