CNI International News

ဘေဂျင်း၊ ဇူလိုင် ၃၁

တရုတ်ကွန်မြူနစ်ပါတီသည် လာမည့် အောက်တိုဘာလတွင် နှစ်စဉ်ပြုလုပ်နေကျ သီးသန့် ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ထားကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ရည်မှန်းချက်များအတွက် နောက်ထပ် ၅ နှစ်စာ အစီအစဉ်ကို ရေးဆွဲသွားမည်ဟု ဆိုသည်။

ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင် ၃၇၀ ဦးကျော် တက်ရောက်မည့် ဆွေးနွေးပွဲ ပြုလုပ်မည့်အကြောင်းကို ဇူလိုင် ၃၀ ရက်က ပေါ်လစ်ဗျူရို၏ အစည်းအဝေးအပြီးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲကို ဘေဂျင်းမြို့တော်တွင် ပြုလုပ်သွားမည်ဟုလည်း နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ဆွေးနွေးပွဲ ကျင်းပမည့် ရက်အတိအကျကို လူသိရှင်ကြား ကြေညာခြင်း မရှိသေးသော်လည်း ယခင်နှစ်များ၏ လုပ်ထုံးလုပ်နည်းများအရ အောက်တိုဘာလ၏ ဒုတိယလဝက်အတွင်း ၄ ရက်ကြာ ပြုလုပ်သွားဖွယ်ရှိသည်။

ထို့ကြောင့် ထိုဆွေးနွေးပွဲသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (Apec-အေပက်စ်) အစည်းအဝေးထက် စော၍ပြုလုပ်လိမ့်မည် ဖြစ်သည်။

အေပက်စ်(Apec) အစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ တွေ့ဆုံနိုင်ခြေ ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ဒုတိကကမ္ဘာစစ် ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ဘေဂျင်းတွင် စစ်ရေးပြ အခမ်းအနား မပြုလုပ်မီ ၁ လကျော် စောပြီး ထိုသီးသန့်ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်၌ ဘေဂျင်းမြို့တော်၏ တီအန်မင် ရင်ပြင် (Tiananmen Square) တွင် ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားကို ရုရှားသမ္မတ ပူတင် (Vladimir Putin) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

Source: South China Morning Post