CNI International News
ဘန်ကောက်၊ ဇူလိုင် ၃၁
မကြာသေးမီက ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း ကမ္ဘောဒီးယား၏ လက်ရွေးစင် သက်တော်စောင့်ဌာနချုပ် (BHQ)မှ စစ်သားများသည် ထိုင်းတပ်ဖွဲ့များကို အရေးနိမ့်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၂၈ ရက် ညသန်းခေါင်မတိုင်ခင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) က BHQ တပ်ဖွဲ့ ဝင်များကို ထိုင်းစစ်သားများနှင့်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။
ထိုလက်ရွေးစင် စစ်သားများသည် လော့ဘူရီ (Lopburi) ပြည်နယ်တွင် အထိုင်ချထားသည့် ထိုင်း၏ အမှတ် ၃၁ ခြေလျင်တပ်ရင်း၊ ဘုရင့်အစောင့်တပ်ဖွဲ့တို့နှင့် ရင်ဆိုင်တွေ့ခဲ့သည်။
လေ့ကျင့်မှုများ အပြည့်အဝရှိခဲ့သည့် ထိုင်းစစ်သားများက လျှင်မြန်စွာ နေရာယူ၍ ကျူးကျော်ဝင်ရောက်လာသော ကမ္ဘောဒီးယား လက်ရွေးစင် စစ်သားများကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး တာကဝိုင် (Ta Kwai) ဒေသကို ထိန်းချုပ် နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်ကလည်း ကမ္ဘောဒီးယား လက်ရွေးစင် စစ်သားများသည် ကမ္ဘောဒီးယား၏ အမှတ် ၇၀ ခြေလျင် တပ်မဟာနှင့်အတူ Preah Vihear ပြည်နယ်သို့ ဖြန့်ကြက်ချခဲ့ဖူးသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို တွေ့ရစဉ်
သို့သော် ၎င်းတို့ ဝင်ရောက်လာမှုကို ထိုင်းနိုင်ငံ၏ ၁၅၅ မမ အမြောက်များ၏ သာလွန်ပစ်အားဖြင့် ဟန့်တားနိုင် ခဲ့ဖူးသည်ဟု The National က ဖော်ပြခဲ့သည်။
နောက်ဆုံး ထိတွေ့တိုက်ပွဲများသည် မေလ ၂၈ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) က Preah Vihear နှင့် Oddar Meanchey ပြည်နယ်များသို့ စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်။
BHQ ၏ တပ်မှူး ဗိုလ်ချုပ်ကြီး Hing Bun Hieng သည် ၎င်း၏ တပ်ဖွဲ့ဝင်အနည်းငယ်ကို Preah Vihear ပြည်နယ်ကို စေလွတ်ခဲ့ပြီး ကမ္ဘောဒီးယား၏ Kandal ပြည်နယ် Ta Khmau မြို့သို့ BHQ စစ်သားအများစုကို စေလွှတ်ခဲ့သည်။
သို့သော် BHQ စစ်သားများသည် ကောင်းမွန်စွာ လက်နက်တပ်ဆင် ထားခဲ့သည့်တိုင် ထိုင်း၏ လက်ရွေးစင် စစ်သားများနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခွင့် မရခဲ့ဘဲ အရေးနိမ့်ခဲ့ သည်ဟု The Nation မှ ရေးသားဖော်ပြခဲ့သည်။
Source: The Nation