CNI International News
ဘေဂျင်း၊ ဇူလိုင် ၃
တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းစျေးနှုန်းများကို အပြိုင်အဆိုင် လျှော့ချနေမှုကြောင့် လုပ်ငန်းအသီးသီး၌ အမြတ်များ နည်းပါးနေသည့် ပြဿနာအား ဖြေရှင်းရန် တရုတ်ကွန်မြူနစ်ပါတီက တိုက်တွန်းခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
စျေးကွက်ယှဉ်ပြိုင်မှု ပရမ်းပတာ ဖြစ်နေသည့် အခြေအနေကို ကုမ္ပဏီကြီးများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ က ဝေဖန်နေကြသလို စည်းကမ်းများ ထုတ်ပြန်၍ ထိန်းသိမ်းရန် လိုအပ်ကြောင်း ကွန်မြူနစ်ပါတီက သတိပေးခဲ့ သည်။
တရားလွန် စျေးကွက် ယှဉ်ပြိုင်မှုများသည် လူမှုရေး အရင်းအမြစ်များကို အလေအလွင့်ဖြစ်စေပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အန္တရာယ်ရှိစေသည့် ကြွေးမြီပြဿနာများလည်း ဖြစ်လာနိုင်ကြောင်း ကွန်မြူနစ်ပါတီ၏ Qiushi မဂ္ဂဇင်းတွင် ရေးသားဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် တရုတ်၏ ငွေကြေး တန်ဖိုး မတည်မငြိမ် ဖြစ်နေချိန်တွင် ဇူလိုင် ၁ ရက်က ကွန်မြူနစ်ပါတီ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးရာ ဗဟိုကော်မရှင်က အစည်းအဝေး ပြုလုပ်ခဲ့သည်။
တရုတ်အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ်
ထိုအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping)က စီးပွားရေးလုပ်ငန်းများသည် စျေးနှုန်းများကို အထိန်းအကွပ်မဲ့ လျှော့ချနေကြောင်း၊ ပြိုင်ဘက်များကို အနိုင်ရရန် ၎င်းတို့၏ ထုတ်ကုန်များကို အရှုံးခံပြီး ရောင်းချ နေကြကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီကလည်း နိုင်ငံအတွင်း စျေးနှုန်းများ အပြိုင်အဆိုင် လျှော့ချနေမှုကို ဆန့်ကျင်သည့် သတင်းများအား နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ပြီး စည်းကမ်းများ ထုတ်ပြန်၍ စျေးကွက်ကို ထိန်းညှိသွားမည်ဟု ထိပ်သီး ခေါင်းဆောင်များက ကတိပြုခဲ့သည်။
ထိုကဲ့သို့ တရားလွန် စျေးကွက် ယှဉ်ပြိုင်မှုများကြောင့် လျှပ်စစ်ကားများ၊ ဆိုလာပြားများ၊ ဘက္ကထရီများနှင့် အစားအစာ ပို့ဆောင်မှုကဲ့သို့ လုပ်ငန်းများသည် ထိခိုက်ခဲ့ရကြောင်း၊ ထိုလုပ်ငန်းများ၏ တည်ငြိမ်မှုကို ယိမ်းယိုင်စေခဲ့သည်။
အကယ်၍ စျေးနှုန်း ယှဉ်ပြိုင်မှုများကို မထိန်းနိုင်ပါက တရုတ်၏ စီးပွားရေးတွင် ဒေါ်လာ ၁၉ ထရီလျံ ထိခိုက် နစ်နာစေမည်ဖြစ်ပြီး ငွေကြေးတန်ဖိုး ကျုံဝင်မှုများ ဖြစ်စေနိုင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို နှေးကွေး စေလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post