CNI Intenational Article
ဘေကျင်း၊ စက်တင်ဘာ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ရီပတ်ဘလစ်ကန်ပါတီတို့သည် ၎င်းတို့ ကိုယ်ကိုယ် တရုတ်နိုင်ငံအပေါ် သဘောထား တင်းမာသူများအဖြစ် ပုံဖော်လိုသည့် ဆန္ဒရှိနေကြသည်။
ထရမ့်သည် ဒုတိယသက်တမ်းတွင် တရုတ်နှင့်ပတ်သက်ပြီး လေလုံးထွား ပြောဆိုမှုများ ရှိခဲ့သော်လည်း တစ်ခါ တစ်ရံတွင် သူပြောခဲ့သည့် အကြောင်းအရာများကို သူကိုယ်တိုင် ပြန်လည် ရုပ်သိမ်းသွားခဲ့သဖြင့် စက္ကူကျား တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သည်။
သို့သော် ဆန့်ကျင်ဘက် အနေဖြင့် တရုတ်သည် အေးဆေး တည်ငြိမ်စွာဖြင့် ၎င်း၏ အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သည်။
ရှေးဟောင်း တရုတ်စစ်ဗျူဟာမှူးဖြစ်သည့် ဆွန်ဇူး၏ စစ်သေနင်္ဂဗျူဟာကျမ်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပဋိပက္ခများ အပါအဝင် ဩဇာအာဏာနှင့်ပတ်သက်သည့် တွေးခေါ်မြော်မြင်မှုများအပေါ် ယနေ့ အချိန်အထိ လွှမ်းမိုးထားဆဲဖြစ်သည်။
ထိုစစ်သေနင်္ဂဗျူဟာကျမ်း၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ထရမ့်၏ တရုတ်မဟာဗျူဟာသည် ကြီးမားသည့် အမှားများကို ဖော်ပြရာရောက်နေသည်။
ဆွန်ဇူး၏ အဓွန့်ရှည်တည်တံ့သည့် သင်ခန်းစာ တစ်ခုမှာ ရိုးရှင်းလှသည်။ ထိုသင်ခန်းစာမှာ "သင့်ရန်သူအကြောင်း နဲ့ သင့်အကြောင်းကို သင်ကိုယ်တိုင် သိထားမယ်ဆိုရင် သင့်အနေနဲ့ တိုက်ပွဲပေါင်း ၁၀၀ တိုက်ရမယ်ဆိုပါစေ၊ ထွက်ပေါ်လာမယ့်ရလဒ်ကို ကြောက်ရွံ့နေစရာ မလိုပါဘူး" ဆိုသည့် သင်ခန်းစာဖြစ်သည်။
မဟာဗျူဟာတစ်ရပ်သည် နှစ်ဖက်စလုံး၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတိကျစွာ ရှုမြင်ခြင်းဖြင့် အစပြုသည်။
ဆွန်ဇူးကို တွေ့ရစဉ်
ထိုအချက်ကို ထရမ့်က မျက်ကွယ်ပြုခဲ့သည်။ ထရမ့်သည် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးချိန်ကာလက တရုတ်ကို ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံပြီး အမေရိကန်ရှေ့ ဒူးထောက်စေရန် လုပ်ဆောင်မည်ဟု လေလုံး ထွား ပြောဆိုခဲ့သည်။
သို့သော် တရုတ်သည် ထရမ့်၏ ပထမသက်တမ်းက ကုန်သွယ်ရေးစစ်ပွဲမှ ရရှိခဲ့သည့် သင်ခန်းစာများကို လေ့လာ ကာ နောက်တစ်ကြိမ် ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲရန် အသင့်ပြင်ထားခဲ့သည်။
ထရမ့်သည် တရုတ်၏ တန်ပြန်ထိုးနှက်ချက်ကို အထင်သေးခဲ့သည်။ အမေရိကန်၏ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများသည် တရုတ်၏ ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် မှီခီုနေရသည့် အချက်ကို သတိမမူခဲ့မိပေ။
ထို့ပြင် တရုတ်၏ မြေရှားသတ္တုများသည် အမေရိကန်အတွက် ဖိအားတစ်ခု ဖြစ်လာမည့် အချက်ကိုလည်း ထည့်မတွေးခဲ့မိပေ။
ထရမ့်၏ အရဲစွန့်လုပ်ဆောင်မှုက အမေရိကန်ကို ပြန်ပြီး အထိနာစေခဲ့သည်။ ကုန်သွယ်ခွန် တိုးမြှင့်မှုများသည် အမေရိကန်၏ စီးပွားရေးကို ထိခိုက်စေခဲ့သဖြင့် ထရမ့်သည် ကုန်သွယ်ရေးစစ်ပွဲ ရပ်ဆိုင်းရေးအတွက် တရုတ် သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) နှင့် ဖုန်းဆက်ဆွေးနွေးရသည့် အခြေအနေကို ရောက်ရှိစေခဲ့သည်။
ထိုအခြေအနေက ရှီ၏ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ကို ပိုမိုတောက်ပြောင်စေခဲ့ကာ ပြည်တွင်းတွင်လည်း အမျိုးသားရေး ဝါဒကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ရုံမက ဆွေးနွေးပွဲ စားပွဲဝိုင်းတွင်လည်း တရုတ်၏ အနေအထားကို ပိုမိုခိုင်မာ စေခဲ့သည်။
တရုတ်သည် ဆွန်ဇူး၏ နောက်ထပ် သင်ခန်းစာ တစ်ခုဖြင့်လည်း တုံ့ပြန်ခဲ့သည်။ ထိုသင်ခန်းစာမှာ "သူတို့ (ရန်သူများ) အသင့် ပြင်မထားရသေးတဲ့ နေရာကို တိုက်ခိုက်ပါ" ဆိုသည့် သင်ခန်းစာဖြစ်သည်။
ထရမ့်နဲ့ တရုတ် စစ်ဗျူဟာ ကျွမ်းကျင်သူများကိုတွေ့ရစဉ်
ထိုသင်ခန်းစာဖြင့် တရုတ်သည် အမေရိကန် လယ်ယာပို့ကုန်များ၊ ကုန်ထုတ်လုပ်မှု ဗဟိုချက်များကို ပစ်မှတ် ထားခဲ့ပြီး ထရမ့်၏ နိုင်ငံရေးထောက်ခံမှုကို တိုက်ရိုက် ထိုးနှက်နိုင်ခဲ့သည်။
တရုတ်သည် မြေရှားသတ္တု တင်ပို့ရောင်းချမှုများကို တင်းကျပ်ခဲ့သဖြင့် အမေရိကန်၏ နည်းပညာနှင့် ကာကွယ် ရေး လုပ်ငန်းများကို အခက်တွေ့စေခဲ့သည်။
တရုတ်၏ ဖိအားများမှာ အလုပ်ဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် ၎င်း၏ ကုန်သွယ်ခွန် အစီအစဉ်များကို အချိန်ဆွဲခဲ့ပြီး နည်းပညာ တင်ပို့ရောင်းချမှုများအပေါ် တားမြစ်ကန့်သတ်ချက်များ ချမျတ်ထားမှုကို ဖြေလျှော့ပေးခဲ့သည်။
ထို့ပြင် တရုတ်နှင့် ပဋိပက္ခ မဖြစ်စေရန် ရှောင်လွဲလိုသည့် အနေဖြင့် ထိုင်ဝမ်သမ္မတအား အမေရိကန်မှဖြတ်ပြီး ခရီးသွားမှုကိုပင် ပိတ်ပင်ခဲ့သည်။
ထရမ့်၏ နောက်ထပ် အမှားတစ်ခုမှာ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ကွန်ရက်ကို ဖျက်သိမ်းမှု ဖြစ်သည်။
"စစ်တပ်၏ အလွှာစုံ (အောက်ခြေစစ်သားမှအစ ဗိုလ်ချုပ်ကြီးအဆုံး) တွင် တူညီသည့် စိတ်ဓာတ်ဖြင့် တစ်သွေး တည်း တစ်သားတည်း ဖြစ်နေသည့် စစ်တပ်ကို ပိုင်ဆိုင်ထားသူသည် အနိုင်ရလိမ့်မည်" ဆိုသည့် ဆွန်ဇူး၏ သတိပေးချက်သည် စစ်မြေပြင်နှင့် ပထဝီနိုင်ငံရေး အခြေအနေတို့အပေါ် လွှမ်းခြုံသက်ရောက်နေသည်။
စည်းလုံးညီညွတ်ခြင်းဆိုသည့် အဓိပ္ပာယ်မှာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများနှင့်လည်း ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ အဓိပ္ပာယ်ဖြစ်သည်။ ထိုအချက်များကို ထရမ့်က ဆုတ်ယုတ်လျော့ပါးစေခဲ့သည်။
နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထရမ့်၏ ဒုတိယသက်တမ်း လုပ်ငန်းစဉ်များက ပြည်တွင်းတွင် ဒီမိုကရေစီကို လျော့ပါးစေကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့ကာ နိုင်ငံရေး အစွန်းနှစ်ရပ်ကို ဖြစ်စေခဲ့သည်။
ထို့ကြောင့် တစ်ချိန်က အမေရိကန်၏ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဩဇာအာဏာ ရရှိခဲ့သည့် စံတန်ဖိုးများကို လျော့ကျစေခဲ့သည်။
ပြည်ပတွင်လည်း ထရမ့်၏ အမေရိကန်ပထမ (America First) မူဝါဒသည် အမေရိကန်ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကင်းကွာစေခဲ့သည်။
ဥပမာအနေဖြင့် ပါရီ ရာသီဥတု သဘောတူညီချက်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတို့မှ နုတ်ထွက်ခြင်း၊ နေတိုးအဖွဲ့ဝင် မိတ်ဖက်နိုင်ငံများကို ခြိမ်းခြောက်ခြင်း၊ ပြည်ပ အထောက်အပံ့ များ ဖြတ်တောက်ခြင်း၊ မဟာမိတ်များကို ရန်ဘက်များအဖြစ် ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထိုလုပ်ဆောင်ချက် တစ်ခုချင်းစီတိုင်းက အမေရိကန်၏ အာဏာအပျော့ကို တဖြေးဖြေး လျော့ကျလာစေခဲ့ပြီး မဟာမိတ်များ အနေဖြင့်လည်း အမေရိကန်အပေါ် ဆက်လက်မှီခိုင်ရန် သင့်၊ မသင့်ကို မေးခွန်းထုတ်လာကြသည်။
ထိုအချိန် အတောအတွင်း တရုတ်ကမူ အချိန်မဖြုန်းဘဲ ရသမျှ အခွင့်အလမ်းအားလုံးကို အရယူနိုင်ခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၊ BRICS နှင့် BRI စီမံကိန်းများမှတဆင့် တရုတ်သည် ကုန်သွယ်ရေး၊ ရာသီဥတု အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ယူနိုင်စွမ်းရှိသည့် အဓိက အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့သည်။
ထရမ့် ဒုတိယသက်တမ်း အာဏာရလာခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ ဩဇာအာဏာ ကျဆင်းလာချိန်တွင် တရုတ်၏ ပုံရိပ်သည် မြင့်တက်လာကြောင်း ကမ္ဘာလုံးဆိုင်ရာ လေ့လာချက် စစ်တမ်းများတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှား-ယူကရိန်း စစ်ပွဲမှအစ ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်းတို့ကို သိမ်းယူလိုကြောင်း ပြောကြားခဲ့ မှု အပါအဝင် ထရမ့်၏ လေလုံးထွားပြောဆိုမှုနှင့် လုပ်ဆောင်ချက်များသည် ဒုတိယကမ္ဘာစစ်အပြီး နယ်နိမိတ် အချုပ်အခြာ အာဏာတို့အပေါ် စံသတ်မှတ်ချက်များကို ပြောင်ပြောင်တင်းတင်း ဖီဆန်ရာ ရောက်ခဲ့သည်။
ထိုလုပ်ဆောင်ချက်များက အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေးနှင့် တရားမျှတမှု မရှိသည့် မဟာမိတ်ဖွဲ့မှုတို့နှင့် ပတ်သက်သည့် တရုတ်၏ ဝါဒဖြန့် ယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။
စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်မှုနှင့် ပြိုင်ဘက်အပေါ် အပိုင်တွက်ထားခြင်းအားဖြင့် အမေရိကန်သည် ရေတို နိုင်ငံရေး အသာစီးရမှုကို ဆုပ်ကိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ကိုယ့်အကြောင်းကိုယ် သိထားရုံမျှမက ကိုယ့်ရန်သူ၏ အကြောင်းကိုလည်း သိထားရမည်ဆိုသည့် အခြေခံမဟာဗျူဟာကို လိုအပ်မည်ဖြစ်သည်။
အဓိပ္ပာယ်မှာ နှစ်ဖက်စလုံး၏ အားသာချက်၊ အားနက်ချက်တို့ကို အရှိအတိုင်း လက်ခံပြီး အမေရိကန်၏ အားသာ ချက်ကို ကိုင်ကာ တရုတ်၏ အားနည်းသည့် နေရာများကို ပစ်မှတ်ထားရမည့် အဓိပ္ပာယ်ဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲသည် အမေရိကန်အတွက် သင်ခန်းစာဖြစ်သည်။
အမေရိကန်၏ စီးပွားရေးသည် ရွေးကောက်ပွဲများ၊ လော်ဘီများနှင့် စားသုံးသူ ကုန်စျေးနှုန်းများအတွက် ဆတ်ဆတ်ထိ မခံနိုင်သည့် အရေးကိစ္စဖြစ်သည်။ ကွန်မြူနစ်ပါတီ အုပ်ချုပ်သည့် တရုတ်တွင်မူ ထိုဖိအားများနှင့် ရင်ဆိုင်ရခြင်းမရှိပေ။
ထို့ကြောင့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်သည် အထက်စီးမှာ နေခွင့်ရမည်ဖြစ်သည်။
သို့သော် နည်းပညာကဏ္ဍတွင်မူ ထိပ်သီး တက္ကသိုလ်များ၊ စွန့်ဦးတီထွင် ပါရမီရှင်များနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များနှင့်အတူ အမေရိကန်သည် အားသားနေဆဲဖြစ်သည်။
အမေရိကန်အနေဖြင့် ထိုအခြေအနေကို အသုံးပြုပြီး တစ်ကိုယ်တော် မလှုပ်ရှားဘဲ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ကာ အားသာချက်ကို ပိုမိုခိုင်မာစွာ လုပ်ဆောင်ရန်ဖြစ်သည်။
တရုတ်တွင်မူ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ အားကောင်းသည့် မဟာမိတ်နိုင်ငံများ ရရှိရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ထရမ့်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်
"ရန်သူများ လက်လွတ် ဆုံးရှုံးမခံနိုင်သည့် နေရာများကို တိုက်ခိုက်ပြီး၊ ရန်သူများ မထင်မှတ်ထားသည့် နေရာများ ကို ရုတ်တရက်ချီတက်" ဆိုသည့် ဆွန်ဇူး၏ စစ်ဗျူဟာကို လေ့လာကြည့်မည်ဆိုပါက ထရမ့်၏ မခန့်မှန်းနိုင်သည့် ရွှေ့ကွက်များကို မြင်တွေ့ရမည်ဖြစ်သည်။
ထိုအချက်က ထရမ့်၏ ပထမသက်တမ်းအတွင်း စစ်မှန်သည့် အားသာချက်တစ်ခု ဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ်က ထရမ့်သည် တရုတ်ခရီးစဉ်အတွင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုခံခဲ့ရသည်။ သို့သော် လအနည်းငယ် အတွင်းမှာပင် ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့ပြီး တရုတ်၏ Huawei နှင့် ZTE ကုမ္ပဏီတို့ကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ထို့ကြောင့် တရုတ်သည် အငိုက်မိသွားပြီး အမေရိကန်က အသာစီးရခဲ့သည်။
သို့သော် ထိုမဟာဗျူဟာသည် အလစ်အငိုက်ဖမ်းပြီး ထိခိုက်နစ်နာစေရန်အတွက်သာ အလုပ်ဖြစ်သည်။
ထရမ့်၏ ဒုတိယသက်တမ်းတွင်မူ တရုတ်သည် ထိုအခြေအနေအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
တရုတ်ကလည်း အလစ်အငိုက်ဖမ်းပြီး ထိုးနှက်သည့် အနေဖြင့် မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်လိုက်ချိန်တွင် ထိုအခြေအနေအတွက် ပြင်ဆင်မထားခဲ့သည့် ထရမ့်သည် အငိုက်မိသွားခဲ့သည်။
လက်ရှိတွင် ထရမ့်၏ ချဉ်းကပ်ပုံသည် ရေတိုပုံစံမျိုးဖြစ်ပြီး သဘောတူညီချက်များကို လျှင်မြန်စွာ ရယူလိုသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေသည်။
ထရမ့်၏ မခန့်မှန်းနိုင်သည့် ရွှေ့ကွက်အချို့သည် တစ်ခါတစ်ရံတွင် တရုတ်ကို အငိုက်ဖမ်းနိုင်မည် ဆိုသော်လည်း ခိုင်မာသည့် မဟာဗျူဟာ မရှိပါက စက္ကူကျားပုံစံမျိုးသာ ဖြစ်နေဦးမည်ဖြစ်သည်။
Source: Asia Times