CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ဘိုလီးဗီးယားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) နောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့်ရနိုင်မယ့် မျှော်လင့်ချက် ရှင်သန်ခဲ့ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် မရခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့တာကြောင့် တောင်အမေရိကဇုန် ခြေစစ်ပွဲ အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် တစ်နေရာကို ရရှိခဲ့တာပါ။
ဒါဟာ ၁၉၉၄ ခုနှစ်က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဘိုလီးဗီးယားအသင်းအတွက် နှစ်ပေါင်း ၃၂ နှစ်အကြာမှာ ကမ္ဘာ့ဖလား ဝင်ခွင့်ပြန်ရနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ သူတို့အသင်းရဲ့ သမိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်အထိ ဝင်ပြိုင်ခဲ့ဖူးပြီး ဒီ ၃ ကြိမ် စလုံးမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက် ဝင်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ ဘိုလီးဗီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ နောက်ထပ် ဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေပါသေးတယ်။
ဘိုလီးဗီးယားအသင်း အောင်ပွဲခံနေစဉ်
လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လမှာ ပုံစံအသစ်နဲ့ အသင်း ၆ သင်းပါဝင်တဲ့ ပြိုင်ပွဲတစ်ခုကို မက္ကဆီကိုနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပသွားမှာပါ။
ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရမယ့် အသင်းတွေကို အရင်လို နှစ်ကျော့ကစားပြီး ဆုံးဖြတ်တဲ့ ပုံစံမျိုး မဟုတ်ဘဲ မက္ကဆီကိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဒီပလေးအော့ဖ်ကို ကွန်ကာကပ်ဖ်ဇုန်က ၂ သင်း၊ တောင်အမေရိကဇုန်၊ အာရှဇုန်၊ အာဖရိကဇုန်နဲ့ သမုဒ္ဒရာပိုင်း ဇုန်က ၁ သင်းစီ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိအချိန်မှာ တောင်အမေရိကဇုန်က ဘိုလီးဗီးယားအသင်းနဲ့ သမုဒ္ဒရာပိုင်းဇုန်က နယူးကာလီဒိုးနီးယားအသင်း ၂ သင်းသာ အဖြေထွက်သေးပြီး ကျန်ဇုန်တွေရဲ့ ခြေစစ်ပွဲတွေက မပြီးသေးတာကြောင့် ဘယ်အသင်းတွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ပုံစံအသစ်နဲ့ ကျင်းပမယ့် ပလေးအော့ဖ်အဆင့်မှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်း ၂ သင်းဟာ ဗိုလ်လုပွဲ ကနေ စောင့်ဆိုင်းရမှာဖြစ်ပြီး ကျန်တဲ့အသင်း ၄ သင်းက ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာပါ။
ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်း ၂ သင်းဟာ ဗိုလ်လုပွဲမှာ စောင့်ဆိုင်းနေတဲ့ အသင်း ၂ သင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းနဲ့ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်း ၂ သင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်နေရာကို ရရှိမှာပါ။ အဲဒါကြောင့် ဘိုလီးဗီးယားအသင်းအနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရနိုင်ဖို့ ထပ်ပြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ အဝေးကွင်း အားနည်းတဲ့ အသင်းဖြစ်တာကြောင့် ဒီပလေးအော့ဖ် ပွဲစဉ်တွေဟာ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေလို့ ပြောရမှာပါ။
ဘိုလီးဗီးယားအသင်းဟာ အိမ်ကွင်းမှာဆိုရင် ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းတွေကို အနိုင်ယူနိုင်တဲ့ အသင်း ဖြစ်ပေမယ့် အဝေးကွင်း မှတ်တမ်းကတော့ ဆိုးရွားပါတယ်။
ဘိုလီးဗီးယားအသင်း အနေနဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းချင်တယ်ဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အများဆုံးဖြတ်ကျော်ရမယ့်ပွဲ ၂ ပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။
ဘိုလီးဗီးယားအသင်းဟာ လာမယ့် အောက်တိုဘာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရခဲ့တဲ့ ဂျော်ဒန်အပြင် ရုရှားအသင်းနဲ့ ခြေစမ်းပွဲကစားပြီး သူတို့ရဲ့ခြေစွမ်းကို စမ်းသပ်ခံဖို့ ပြင်ဆင်ထားတာပါ။
ဘိုလီးဗီးယားအသင်း အနေနဲ့ ဒီပွဲတွေကနေ အားနည်းချက်တွေကို ပြင်ဆင်ပြီး လက်တစ်ကမ်း အကွာမှာသာ ရှိတော့တဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်လက်မှတ်ကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။