CNI Sport Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

ကမ္ဘာ့ဖလား ချန်ပီယံဆုကို စံချိန်တင် ၅ ကြိမ်အထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော်ကစားသမား အများအပြား ထွက်ပေါ်တဲ့ ဘရာဇီးလ်အသင်းဟာ နောက်ဆုံးပွဲတွေမှာ အံ့အားသင့်ဖွယ်ရလဒ်တွေ ဆိုးနေခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်)ခြေစစ်ပွဲမှာ ပါရာဂွေး အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကစားထားတဲ့ ခြေစစ်ပွဲ ၈ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာပါ။ 

ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာဆိုရင် ၄ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး ဒါကိုကြည့်ရရင် ရလဒ်တွေ အလွန်ဆိုးနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) အမှတ်ပေးဇယားမှာ ဘရာဇီးလ်အသင်းဟာ အဆင့် ၅ နေရာ ရပ်တည်နေပေမယ့် သူ့ရဲ့အနောက်မှာ ရှိနေတဲ့ အသင်းတွေနဲ့ အမှတ်မကွာဟတာကြောင့် စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ပါရာဂွေးအသင်းနဲ့ ပွဲမတိုင်ခင်မှာ သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်နိုင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒီပြောစကားဟာ ဘရာဇီးလ်အသင်းရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် လှောင်ပြောင်ချင်စရာ ကောင်းနေတာပါ။ 

လက်ရှိ ဘရာဇီးလ်အသင်း အစုအဖွဲ့ဟာ အရင် ဂန္ထဝင်ကစားသမား အစုအဖွဲ့တွေနဲ့ ပြန်ပြီးနှိုင်းယှဉ်မယ်ဆိုရင် ဆီနဲ့ရေလို ကွာခြားနေတာ ဖြစ်ပါတယ်။ 

နေမာ မပါဝင်တာကြောင့် ဘရာဇီးလ်အသင်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးလျော့နည်း စေတယ်ဆို တာ အမှန်ပါပဲ။ 

ဘရာဇီးလ်အသင်း ဂန္ထဝင်တွေအပြင် အခုအသင်းတွေမှာ ပါဝင်နေတဲ့သူကလည်း နေမာ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

အချက်အလက်တွေအရဆိုရင် ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်ချိန်မှာ ရလဒ်တွေ ကောင်းမွန်ပြီး သူမပါဝင်နိုင် ချိန်မှာ ရလဒ်တွေ မကောင်းဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်တဲ့အချိန် ကစားခဲ့တဲ့ ၁၂၈ ပွဲမှာ ၉၂ ပွဲ အနိုင်ရခဲ့ပြီး ၂၄ ပွဲသရေကျကာ ၁၂ ပွဲ ရှုံးနိမ့်ခဲ့တာပါ။ 

နေမာကို တွေ့ရစဉ်

နေမာ မပါဝင်တဲ့အချိန် ပွဲပေါင်း ၆၀ ကစားခဲ့တာမှာ ဘရာဇီးလ်အသင်းဟာ ၃၃ ပွဲ အနိုင်ရပြီး ၁၄ ပွဲသရေနဲ့ ၁၃ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်းဟာ နေမာ ကြံ့ခိုင်မှုအပြည့်နဲ့ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးနေသလို အောင်မြင်မှုတွေနဲ့လည်း ဝေးကွာနေတာ ကြာနေပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရယူထားပေမယ့် နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ။ 

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၄ နှစ်ရှိပြီဖြစ်ပြီး ဒီနောက်ပိုင်းမှာ အအောင်မြင်ဆုံးအဖြစ် အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါအပြင် ကိုပါအမေရိက ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ နောက်ဆုံး ချန်ပီယံ ဆု ရယူနိုင်ခဲ့တာကတော့ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး နောက်ဆုံး ၂ ကြိမ်ဖြစ်တဲ့ ၂၀၂၁ မှာ ဒုတိယနဲ့ ၂၀၂၄ ပြိင်ပွဲမှာ ကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့တာပါ။

 ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ အောင်မြင်မှုတွေ ပြန်ရနိုင်ဖို့ မျှော်လင့်နေပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်ကောင်းတွေရဖို့နဲ့ အသင်းကို တိုးတက်အောင်လုပ်ဖို့ကို ဦးစားပေးရဖို့ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကဇုန်ရဲ့ ထိပ်ဆုံး ၆ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ပလေးအော့ဖ်ကနေ ဝင်ခွင့်ရဖို့ ကြိုးစားရမှာပါ။

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရနိုင်ပေမယ့် ပေါ့ဆမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာလထဲမှာ ချီလီ၊ ပီရူးအသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ရယူပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။