CNI Sport Article 

၂၀၂၅ ခုနှစ်၊ မေလ ၁၆

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ နှစ်အနည်းငယ်ကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ခန့်အပ်နိုင်ခဲ့တာပါ။

အန်ဆယ်လော့တီဟာ ထိပ်တန်းကလပ် အများအပြားကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ သူ့ရဲ့ လုပ်ဆောင်နိုင်မှုတွေက ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ကို လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ဖို့ ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ်အထိရယူပြီး အအောင်မြင်ဆုံး အသင်းဖြစ်ခဲ့ ပေမယ့် ချန်ပီယံဆုကို နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာက ၂၀၀၂ ခုနှစ်ကပါ။ 

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်

ဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ဒီကာလအတွင်းမှာ ကိုပါအမေရိကဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ချန်ပီယံဆုကို ရယူချင်တဲ့ သူတို့ရဲ့ဆန္ဒက ပြည့်မြောက်ခဲ့ခြင်း မရှိသေးတာပါ။

ဘရာဇီးလ်အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ယာယီနည်းပြ အပါအဝင် နည်းပြ ပေါင်း ၁၀ ဦးကျော်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရခဲ့တာက အမြင့်ဆုံးဖြစ်ခဲ့ပြီး ကျန်တဲ့အကြိမ်တွေမှာ ကွာတားဖိုင်နယ်အထိသာ တက်နိုင်ခဲ့တာပါ။ 

ဘရာဇီးလ်အသင်းဟာ အခုနောက်ပိုင်းမှာ အလွန်ကျဆင်းသွားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်

အရင်က ဘရာဇီးလ်အသင်း လူစာရင်းစုဖွဲ့မှုနဲ့ လက်ရှိ ဘရာဇီးလ်အသင်း လူစာရင်းစုဖွဲ့မှုကို ကြည့်ရမယ် ဆိုရင် လည်း ဆီနဲ့ ရေလို ကွာခြားနေတာပါ။

လက်ရှိအသင်းမှာ အကောင်းဆုံးဖြစ်တဲ့ နေမာဟာ မကြာခဏဆိုသလို ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး လက်ရွေးစင်အသင်းအတွက် ပါဝင်မကစားနိုင်တာ ၁ နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်နေတဲ့ ဗီနီစီးယက်စ်နဲ့ ရာဖင်ညာတို့ကလည်း ကလပ် အသင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းတွေကို နိုင်ငံအသင်းမှာ ပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။ 

အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေပြန်ရဖို့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ဒါတွေကို အန်ဆယ်လော့တီ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ 

အန်ဆယ်လော့တီဟာ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပြည်တွင်းဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူထားတဲ့ နည်းပြတစ်ဦးပါ။ 

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်

အန်ဆယ်လော့တီဟာ ကမ္ဘာကျော် ကစားသမား အများအပြားနဲ့ လက်တွဲခဲ့ပြီး အသင်းတွေမှာ အောင်မြင်မှုရ အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ကောင်းမွန်စွာသိတဲ့ ဝါရင့်နည်းပြတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် အန်ဆယ်လော့တီဟာ သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးနိုင်ငံ အသင်းတစ်သင်းကို တာဝန်ယူမှာဖြစ်သလို ဘရာဇီးလ်အသင်းရဲ့ ပထမဆုံးနိုင်ငံခြားသား နည်းပြဖြစ်လို့ ဖိအားတချို့တော့ ခံစားရနိုင်တာပါ။ 

လက်ရှိ ဘရာဇီးလ်အသင်း လူစာရင်းမှာ ရီးရယ်လ်အသင်းက ဗီနီစီးယက်စ်၊ ရိုဒရီဂို၊ မီလီတာအို၊ အန်းဒရစ်နဲ့ ကစားသမားဟောင်း ကတ်စီမီရိုတို့ဟာ အန်ဆယ်လော့တီနဲ့ နှစ်ကာလရှည်ကြာ လက်တွဲခဲ့ဖူးတဲ့သူတွေဖြစ်လို့ သူ့ကို အကူအညီ ပေးနိုင်မယ့်သူတွေလည်း ဖြစ်ပါတယ်။ 

အရင်ကတည်းက နေမာ အပါအဝင် ဘရာဇီးလ်အသင်း လူစာရင်းထဲမှာရှိတဲ့ ကစားသမားတွေဟာ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်မှာကို ကြိုဆိုမှုတွေရှိခဲ့ကြတာပါ။ 

အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးနိုင်မယ့်သူအဖြစ် ယုံကြည်နေတဲ့ သူတွေရှိသလို သူ့ရဲ့ခေတ် ကုန်ဆုံးသွားပြီလို့ သတ်မှတ်ကြတဲ့သူတွေလည်း ရှိနေပါတယ်။ 

အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို မေလ ၂၆ ရက်ကျရင် နည်းပြသစ်အဖြစ် တရားဝင် စတင် ကိုင်တွယ်တော့မှာဖြစ်ပြီး အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ပွဲတွေမှာ သူ့ရဲ့နည်းဗျူဟာတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။