CNI Article

၂၀၂၅ ခုနှစ်၊ မေလ ၁၀

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကြားနေအဖြစ် ရပ်တည်ခဲ့ သည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ဒီမိုကရေစီ စံတန်ဖိုးများနှင့် နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်နေရပြီး ရုရှားကမူ ယူကရိန်းကို သိမ်းပိုက်လွှမ်းမိုးရန် ကြိုးပမ်းနေသည်။

နိုင်ငံအများစုက ယူကရိန်းဘက်မှ ရပ်တည်ပြီး အကူအညီများ ပေးနေသည့်တိုင် အိန္ဒိယသည် ရုရှားနှင့် နီးကပ် သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

ပြီးခဲ့သည့်လက ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယဝန်ကြီး ချုပ် မိုဒီ (Narendra Modi) နှင့် ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ် ဆင်း (Rajnath Singh) တို့သည် မေလ ၉ ရက်၌ ပြုလုပ်သော ရုရှား၏အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည့် အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီး ရာထူးနိမ့်အရာရှိများကိုသာ စေလွှတ်ခဲ့သည်။

မိုဒီသည် ပါကစ္စတန်နှင့် တင်းမာမှုများ မြင့်တက်နေသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူအချို့က သုံးသပ်ထားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယသည် ပါကစ္စတန်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နယ်စပ်ဒေသ တစ်လျှောက် အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထား ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ပဋိပက္ခပြင်းထန်လာမည့် အခြေအနေကို စိုးရိမ်ခဲ့ကြသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပနေသည့် ရင်ပြင်နီချီတက်ပွဲကိုတွေ့ရစဉ်

ထိုအချိန်အတောအတွင်း မော်စကိုသို့ ဖိတ်ကြားခံရသည့် ကမ္ဘာ့ခေါင်းဆောင်များကလည်း ယူကရိန်း၏ တိုက်ခိုက် လာမည့် အရေးကို စိုးရိမ်နေကြသည်။

ရုရှားကမူ စစ်ရေးပြ အခမ်းအနားကို ဘေးကင်းလုံခြုံစေရန်အတွက် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကမူ စစ်ရေးပြ အခမ်းအနားကို တက်ရောက်သည့် ပြည်ပခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံရေးကို တာဝန်မယူကြောင်း သတိပေးခဲ့သည်။

ထို့ကြောင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ဇာလန်းစကီးသည် ကမ္ဘာ့ ခေါင်းဆောင်များကို အရိုအသေကင်းမဲ့သူဟု ဝေဖန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇာလန်းစကီးသည် ရုရှား၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ငြင်းဆိုခဲ့သဖြင့် အခြေအနေကို အဆိုးရွားဆုံးဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။

ယူကရိန်း၏ စီဗက်စတိုပိုးလ် (Sevastopol) မြို့တွင်မူ ဘေးကင်းလုံခြုံရေး အခြေအနေအရ အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို ဖျက်သိမ်းခဲ့သည်။

ထို့ပြင် ယူကရိန်းသည် မော်စကိုမြို့တော် အပါအဝင် ရုရှားအတွင်းပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ အိန္ဒိယရဲ့ ဆင်ဒူစစ်ဆင်ရေးကို ရှင်းပြနေစဉ်

၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းသည် ကာကွယ်ရေးပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် ဒရုန်းများနှင့် တာဝေးပစ် ဒုံးကျည်များကို ထုတ်လုပ်လာနိုင်ခဲ့သည်။

ယူကရိန်းသည် ရုရှား၏ စစ်ပွဲစတင်ခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပင် စစ်ရှုံးနိုင်ကြောင်း အများစုက ထင်ကြေး ပေးခဲ့သော်လည်း ယူကရိန်းစစ်တပ်သည် ထိုထင်ကြေး ပေးမှုများကို တက်တက်စင် လွဲမှားအောင် စွမ်းဆောင်ပြ နိုင်ခဲ့ကာ လက်ရှိအချိန်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနေသည်။

ထိုအချိန်အတောအတွင်း အိန္ဒိယသည် ယူကရိန်းအရေးကို သတိကြီးစွာထားပြီး ကြားနေပြည်ပအင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေသည်။

အိန္ဒိယသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ မဟာဗျူဟာမြောက် အစဉ်အလာကို ထိန်းသိမ်းရန်အတွက် ကြားနေအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယသည် အတိတ်ကာလက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင်လည်း ဘက်ရွေးခြင်း မပြုလုပ်ခဲ့ဘဲ ကြားနေ အဖြစ်သာ ရပ်တည်ခဲ့ကြောင်း အမေရိကန်၏ UC San Diego တက္ကသိုလ်မှ ပါမောက္ခ ဘရန်နီဆလက် စတန်ချက်ဗ် (Branislav Slantchev) က ပြောကြားခဲ့သည်။

Georgetown တက္ကသိုလ်မှ ပထဝီနိုင်ငံရေး ပါမောက္ခတစ်ဦးဖြစ်သူ ထရက်စ်တန် ဝိ (Treston Wheat) ကလည်း အိန္ဒိယသည် စစ်အေးကာလကတည်းက ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့ကြောင်း ရှင်းပြခဲ့သည်။

အိန္ဒိယသည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သူ့၏  လွှမ်းမိုးမှုကိုမှ မခံဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းခဲ့သည်။

ထို့ကြောင့် အိန္ဒိယသည် ယူကရိန်းကို ပွင့်ပွင့်လင်းလင်း ထောက်ခံမည်ဆိုပါက ကာလကြာရှည် ကျင့်သုံးခဲ့သည့် ၎င်း၏ မူဝါဒကို ပြောင်းလဲရမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက် ပစ္စည်းများကိုလည်း ဆက်လက် ဝယ်ယူနေသဖြင့် ယူကရိန်းဘက်မှ ရပ်တည်မည်ဆိုပါက ရုရှားနှင့် ဆက်ဆံရေး ပျက်သွားမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

တစ်ဖက်တွင်လည်း ယူကရိန်းသည် အိန္ဒိယအတွက် ကာကွယ်ရေးကဏ္ဍ ဗဟုသုတများ၊ ကာကွယ်ရေးပစ္စည်းများ ဆန်းသစ်တီထွင်မှုတို့တွင် အကူအညီပေးနိုင်သည်။

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် မဟာဗျူဟာသည် အိန္ဒိယအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။

ထိုအခြေအနေများသည် မိုဒီ၏ “အိန္ဒိယတွင် လုပ်သည်” ("Make in India") ဟူသည့် အစီအစဉ်အရ ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍကို အဆင့်မြှင့်တင်ရေးကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

ယူကရိန်းစစ်ပွဲမှ ရရှိသည့် သင်ခန်းစာများအရ အိန္ဒိယသည် တရုတ်နှင့် ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွက် ပြင်ဆင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ယူကရိန်းသည် စစ်ပွဲအတွင်း အမျိုးသားကာကွယ်ရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ အရေးကြီးပုံကို ပြသနိုင်ခဲ့သည်။

ထို့ကြောင့် အိန္ဒိယသည် ယူကရိန်း၏ လုပ်ဆောင်မှုများကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ပိုပြီး မှီခိုရန်နှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်ခြေရှိသည့် ပဋိပက္ခများအတွက် ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင် ထားရမည်ဖြစ်သည်။

Source: Asia Times