CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)၏ ရွှေ့ပြေင်းနေထိုင်သူများအား နေထိုင်ခွင့် သက်တမ်း တိုးမှုကို ဆိုင်းငံ့ခဲ့သော မူဝါဒကြောင့် ယူကရိန်းနိုင်ငံသား ၂ သိန်းနီးပါးသည် တရားဝင်နေထိုင်ခွင့်ကို ဆုံးရှုံး ရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ ယူကရိန်းနိုင်ငံသားများသည် ရုရှား၏ ကျူးကျော်မှုကြောင့် ယူကရိန်းမှ ထွက်ပြေးလာခဲ့ပြီး  အမေရိကန် တွင် အခြေချနေထိုင် နေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်တွင် အကောင်အထည် ဖော်ပေးခဲ့ သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် တစ်ခုအောက်၌ ယူကရိန်းနိုင်ငံသားများသည် အမေရိကန်တွင် နေထိုင်နေခြင်းဖြစ်သည်။

ထိုအစီအစဉ်အရ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ယူကရိန်းနိုင်ငံသားများကို အမေရိကန်တွင် ၂ နှစ်ကြာ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် တရားဝင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်အောက်တွင် ယူကရိန်းနိုင်ငံသား ၂၆၀,၀၀၀ ကျော် နေထိုင်လျက်ရှိသော်လည်း ၎င်းတို့အား အမြဲတမ်း နေထိုင်ခွင့် ပြုထားခြင်း မရှိပေ။

ယူကရိန်းနိုင်ငံသား ပတ်စပို့စ်ကို တွေ့ရစဉ်

ထိုအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် သက်တမ်း တိုးရမည်ဖြစ်သော်လည်း လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လုံခြုံရေးအား အကြောင်းပြပြီး ထိုအစီအစဉ်အား သက်တမ်းတိုးရေးကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန်ရှိ သိန်းနှင့်ချီသည့် ယူကရိန်းနိုင်ငံသားများသည် ၎င်းတို့၏ တရားဝင် နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်တို့ကို ဆုံးရှုံးရမည့် အခြေအနေများနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။

ဖက်ဒရယ်တရားသူကြီးတစ်ဦးကမူ ထိုအစီအစဉ်ကို မေလတွင် ပြန်လည်စတင်ရန် လူဝင်မှု အာဏာပိုင်များကို အမိန့်ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းစဉ်မှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။

၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ အာဏာပိုင်များသည် ယူကရိန်းနိုင်ငံသား ၁၉၀၀ ခန့်ကိုသာ နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်များကို သက်တမ်းတိုးပေးခဲ့သည်။

အချို့ ယူကရိန်းနိုင်ငံသားများသည် ၎င်းတို့၏ အလုပ်အကိုင်များကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ အချို့ကလည်း ဖမ်းဆီးခံ ရမည့် အရေးကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ