CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

အမေရိကန်နှင့် ယူကရိန်းတို့သည် ယူကရိန်း၏ သယံဇာတများကို တူးဖော်ရေးစာချုပ်ကို ချုပ်ဆိုရန် သတ်မှတ် ချက်များကို သဘောတူညီခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်း-ရုရှားစစ်ပွဲကို လျှင်မြန်စွာ အဆုံသတ်ရန် ကြိုးပမ်းနေချိန်တွင် အဆိုပါသဘောတူညီမှုသည် အမေရိကန်၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေသည့် ယူကရိန်း၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် ၂ ခုက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုသဘောတူညီမှု မူကြမ်းတွင် ယူကရိန်းအတွက် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ သို့မဟုတ် လက်နက် ဆက်လက် ထောက်ပံ့မှုများကို တိကျစွာ ဖော်ပြထားခြင်း မရှိသော်လည်း အမေရိကန်သည် ယူကရိန်းအား လွတ်လပ်၊ လုံခြုံပြီး အချုပ်အခြာအာဏာပိုင် ဖြစ်စေလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြထားသည်ဟု ထိုအကြောင်း အရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

 အမေရိကန်နှင့် ယူကရိန်း သယံဇာတတူးဖော်ရေး စာချုပ်ချုပ်ရန် သဘောတူ

နောက်ထပ် သတင်းရင်းမြစ် တစ်ခုကလည်း အနာဂတ်တွင် အမေရိကန်က ယူကရိန်းကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးမည့် အကြောင်းအရာကို နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy ) သည် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ လာရောက်မည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထရမ့်နှင့် ဇာလန်းစကီးတို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တစ်ဦးနှင့်တစ်ဦး ဝေဖန်ပြစ်တင်သော စကားများကို ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီချက်ရသည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းကို ကူညီပေးထားသည့် ဒေါ်လာ ဘီလျံချီကို ပြန်လည်ရယူလိုသော ထရမ့်က ပဋိပက္ခကို ရပ်တန့်မည့် သဘောတူညီချက်သည် ရပ်တန့်နေပါက ယူကရိန်းတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပနိုင်ငံ အချို့ကလည်း ယူကရိန်းသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ပေးပို့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်မှုကို ရုရှားအစိုးရမှ လက်ခံလိမ့်မည်ဟု ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သော်လည်း ကရင်မလင်ကမူ ထရမ့်၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၂၅ ရက်၌ ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ