CNI International News

ကိယက်ဗ်၊ မတ်လ ၆

မိမိအနေဖြင့် ထရမ့်၏ ဦးဆောင်မှုအောက်တွင် ရေရှည်တည်တန့်သည့် ငြိမ်းချမ်းရေးကို ရရှိစေရေးအတွက် အလုပ်လုပ်သွားရန် အသင့်ရှိကြောင်းလည်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)  ပြော သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အငြင်းပွားခဲ့မှုအတွက်လည်း ဝမ်းနည်းကြောင်း ၎င်းက ပြောသည်။

အိမ်ဖြူတော်သည် ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထရမ့်ကို ဖျောင်းဖျနှစ်သိမ့်သည့် အားထုတ်ကြိုးပမ်းမှုဟု ယူဆခံခဲ့ရသည့် ဇာလန်းစကီး၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် မတ်လ ၄ ရက် ညပိုင်းတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင်မူ စစ်ရေးအကူအညီများကို ဖြတ်တောက် ကြောင်း အမေရိကန်ထံမှ တိုက်ရိုက် အသိပေးအကြောင်းကြားမှုအား ယူကရိန်းက လက်ခံရရှိခဲ့ခြင်းမရှိကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားကို တွေ့ရစဉ်

“စစ်ရေးအကူအညီ ရပ်ဆိုင်းတာနဲ့ပတ်သက်ပြီး အမေရိကန်ဆီက တရားဝင် အချက်အလက်တွေ ရဖို့အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီး၊ ထောက်လှမ်းရေး အကြီးအကဲတွေနဲ့ အမေရိကန်မှာရှိတဲ့ ကျနော်တို့ရဲ့ သံတမန် တွေကို ညွှန်ကြားထားပါတယ်”ဟု ဇာလန်းစကီးက ပြောသည်။

“ယူကရိန်းနဲ့ အမေရိကန်ဟာ လေးစားမှုရှိတဲ့ ဆွေးနွေးမှုကို ထိုက်တန်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်လည်း ပွင့်လင်းတဲ့နေရာမှာ ရှိသင့်ပါတယ်။ အထူးသဖြင့် စစ်ပွဲ ဖြစ်ပွားနေချိန်မှာ လူ့အသက်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အချိန်မျိုးမှာပေါ့”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ထို့ပြင် ဇန်နဝါရီလကလည်း အမေရိကန်၏ ယူကရိန်း စစ်ရေး အကူအညီသည် တစ်ကြိမ် ဖြတ်တောက်ခံခဲ့ရ ကြောင်း၊ ထိုအချိန်က ယာယီသာ ဖြတ်တောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယူကရိန်းအနေဖြင့် အမေရိကန်နှင့် မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးအာမခံချက်များ ရရှိရေးအတွက် တန်ဖိုးကြီးစာချုပ်ကို လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ထရမ့်သည် မတ်လ ၄ ရက်က လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်မှာ သူသည် ဇာလန်းစကီးထံမှ ပေးပို့သည့် စာတစ်စောင်ကို လက်ခံရရှိကြောင်း၊ ထိုစာထဲတွင် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းရာတွင် အမေရိကန်ဘက်က အများကြီး ကူညီပေးခဲ့မှုအပေါ် တန်ဖိုးထားကြောင်း ရေးသားဖော်ပြထားခဲ့ သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

Source: အေပီ