CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

ကိုးကန့်တပ်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သည် တရုတ်၏ အာမခံ ပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်တို့ကြား အပေးအယူ တည့်သွားနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်နှင့် တရုတ်တို့သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အဓိကထား ဦးတည်ကာ နယ်မြေ ပြန်လည် စိုးမိုးနိုင်ရေး ဆောင်ရွက်နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် သိန္နီမြို့ကို သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

သိန္နီမြို့ကို ပြန်လည် ရရှိရေးအတွက် တိုက်ပွဲဖြင့် ဖြေရှင်းကြမည့် သဘောမရှိကြောင်း၊ တရုတ်ဘက်မှ MNDAA အပေါ် “ဝ” ကဲ့သို့ အနေအထားမျိုး ထိန်းချုပ်လုပ်ပိုင်ခွင့် အာမခံပေးမည်ဆိုပါက အပေးအယူတည့်သွားနိုင် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်ဆယ်တော့ တိုက်ပွဲနဲ့ ရှင်းမယ့် သဘောတော့ မရှိပါဘူး။ တပ်မတော်ဘက်ကလည်း တိုက်ပြီးတော့ ညှိလို့ယူလို့ ရမယ့်ဟာကို တိုက်ယူမယ်ဆိုရင် အလကား လူနာတာပေါ့လေ။ ပစ္စည်းပစ္စယ၊ ရုပ်ဝတ္တု ပစ္စည်း ရှုံးတာပေါ့။ ဒါကြောင့် လားရှိုးလိုပဲ ညှိပြီးတော့ ဖြစ်သွားမယ်ထင်ပါတယ်။ တရုတ်ကတော့ တစ်ခုတော့ အာမခံရမှာပေါ့။ “ဝ” လို အနေအထားမျိုး သူ့ရဲ့ ကုန်းကြမ်းနဲ့ လောက်ကိုင်ဘက်က “ဝ” လို အနေအထားမျိုး လောက် ထိန်းချုပ်မှု ပေးထားမယ်ဆိုရင်တော့ လုပ်ပိုင်ခွင့် ရမယ်ဆိုရင်တော့ အပေးအယူ တည့်သွားရင်တော့ ပြန်ပေးနိုင်ပါတယ်။ ဒါပေမယ့် တပ်ဘက်ကတော့ အာမခံ ပေးရမှာပေါ့။ သူတို့နယ်မြေကို သူတို့ကောင်းကောင်း ထိန်းချုပ်နိုင်အောင် ခွင့်ပြုထားရမယ့် သဘောတော့ ရှိတယ်။ “ဝ” တောင်မှ ပေးထားတာပဲ။ တခြားလူလည်း “ဝ” လောက် နီးနီး သူပေးလည်း ဘာမှမရှုံးပါဘူး။ ဒါပေမယ့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြို့တွေကတော့ တရုတ်ကလည်း ပြန်လိုချင်တယ်၊ တပ်ကလည်း ပြန်လိုချင်တာကို။ ဘာကြောင့်ဆို ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေတာကို” ဟု ပြောသည်။

MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ် 

ပြီးခဲ့သည့် ၂ လအတွင်း သိန္နီမြို့ အုပ်ချုပ်ခွင့်ရရှိရေးနှင့်ပတ်သက်ပြီး MNDAA နှင့် မြန်မာ့တပ်မတော်ကြား တွေ့ဆုံ ညှိနှိုင်းမှု ၅ ကြိမ်အထိ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သိန္နီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများအတွက် အခရာကျသည့် မြို့တစ်မြို့ဖြစ်သည်။

သိန္နီခရိုင်အတွင်း မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် MNDAA ၏ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခုဖွင့်ထားပြီး ကုန်စည်များ ၂၄ နာရီ ဖြတ်သန်း ကုန်သွယ်နိုင်အောင် ဆောင်ရွက်ထားကြောင်း MNDAA က ဩဂုတ်လ၌ ထုတ်ပြန်ထားသည်။

သိန္နီမြို့သည် MNDAA အတွက် ခံတပ် တစ်ခုကဲ့သို့ အနေအထားသာရှိပြီး နိုင်ငံရေး အာမခံချက် ရရှိပါက သိန္နီမြို့ ကို ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ရခြင်းသည် ၎င်းအတွက် မနစ်နာကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သိန္နီကတော့ ကိုးကန့်အတွက် သိပ် သူ့ဒေသနဲ့ ကြည့်ရင်တော့လေ ရှေ့ထုတ်ထားတဲ့ ခံတပ်လို ဖြစ်နေတာ ပေါ့။ နောက်ပိုင်းတွေ အေးအောင် ရှေ့ကို ကင်းထုတ်ထားတဲ့ သဘောပါပဲ။ ကိုးကန့်အနေနဲ့ သိန္နီက ပြန်ထွက်ပေး လည်း သူ့နိုင်ငံရေး အာမခံချက် ရှိရင်တော့ သူ့အတွက် ဘာမှ မနာပါဘူး။ နိုင်ငံရေး အာမခံချက်၊ နိုင်ငံရေး အခွင့် အရေး ကောင်းကောင်း ပြည့်ပြည့်ဝဝ ရဖို့ပဲ လိုတာပေါ့။ MNDAA ဘက်က နိုင်ငံရေး အခွင့်အရေးပေါ့လေ။ ဘယ်လောက် ထပ်ရမလဲ၊ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ ဘယ်လောက် ခိုင်မာမလဲပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး‌ တော့ သိန္နီနဲ့ အပေးအယူ လုပ်မယ်ထင်တယ် ကြည့်ရတာတော့။ တိုက်တော့ တိုက်မယ့်ပုံ မပေါ်ဘူး။ ဘာကြောင့် လဲဆိုတော့ အပစ်ရပ်ထားပြီ သူတို့နှစ်ဖွဲ့ကတော့ နဂိုကတည်းက အပစ်ရပ်ဖို့ သဘောတူ ပြီးသားဆိုတော့ ညှိပြီး တော့ပဲ သွားမယ့်သဘောရှိတယ် သိန္နီကိစ္စကတော့” ဟု ပြောသည်။

သိန္နီမြို့ကို တွေ့ရစဉ် 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက သိန္နီမြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့သည်။

မြန်မာ့တပ်မတော်၏ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုမူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဩဂုတ်လ၌ MNDAA မှ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် MNDAA သည် မြန်မာ့တပ်မတော်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းက အကြီးဆုံး ကုန်သွယ်ဂိတ်ဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်က ဒုတိယအကြီးဆုံးဂိတ်ဖြစ်ကြောင်း၊ ထိုကုန်သွယ်ရေး စခန်းနှစ်ခုလုံးကို သွားရန် အတွက် သိန္နီမြို့ကို မဖြစ်မနေ ဖြတ်သန်းရကြောင်း သိရသည်။

မြန်မာ့တပ်မတော်သည် လားရှိုးမြို့ကို ပြန်ရခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်အထိ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ပွင့်ရန်အတွက် သိန္နီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့်နောင်ချိုမြို့များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလများက ပြန်လည်သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထို့နောက် သီပေါမြို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။