CNI News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရ သည့် ဒေသခံများသည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

တိုက်ပွဲရှောင်များသည် ဗန်းမောက်မြို့အနောက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ ထိန်းချုပ် နယ်မြေထဲသို့ လည်းကောင်း၊ ဗန်းမောက်မြို့ တောင်ခြမ်းရှိ PDF-KIA-ကဒူးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲသို့ လည်းကောင်း တိမ်းရှောင်နေကြရသည်။

တချို့မှာလည်း မည်သည့် အဖွဲ့အစည်း၏ နယ်မြေထဲကိုမှ မသွားဘဲ တောထဲသို့ တိမ်းရှောင်နေကြရသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာများ၊ ကျန်းမာ စောင့်ရှောက်မှုအတွက် ဆေးဝါးများ၊ လောင်စာဆီများ အရေးပေါ် လိုအပ်နေကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,ကတော့ စစ်ဘေးရှောင်ရတာပေါ့၊ စစ်ဘေးရှောင်တဲ့ နေရာမှာ ဟိုဘက်တပ်ဖွဲ့နဲ့ ဒီဘက်တပ်ဖွဲ့ ကြားထဲမှာ  စစ်ဘေးရှောင်တွေက တချို့ကလည်း ဒီဘက် SNA ရဲ့ ထိန်းချုပ်မှု နယ်ထဲကို သွားတယ်။ တချို့က လည်း PDF ရဲ့ ထိန်းချုပ်နယ်ထဲ ရောက်သွားတယ်။ အဲဒီကြားထဲမှာပေါ့နော် ဒေသခံတွေက။ ဦး‌ဆောင်ပြီးတော့ ကူညီဆောင်ရွက်ပေးမယ့် လူမရှိပဲနဲ့ ဖြစ်နေတယ်။ အဲလိုမျိုး လောလောဆယ်တော့ နေဖို့ထိုင်ဖို့ကတော့ နောက် နေဖို့ထိုင်ဖို့ရယ် စားဖို့ရယ် အဓိကပေါ့လေ။ ပြီးမှပဲ ‌နောက်လိုမယ့်ဟာတွေ ဆေးဝါးတွေလိုမယ်။ သွားဖို့ လာဖို့ လောင်စာဆီတို့ ဘာတို့လည်း လိုမှာပဲ အဲဘက်ကတော့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါကျတော့ ဒါပေမယ့် အခြေခံ လိုအပ်ချက်ကတော့ စားရေးသောက်ရေးပေါ့ စားရေးသောက်ရေးရယ် နေဖို့ထိုင်ဖို့ရယ်”ဟု ပြောသည်။

ဗန်းမောက်တိုက်ပွဲရှောင်များကို SNA က စားနပ်ရိက္ခာထောက်ပံ့ပေးနေစဉ်

လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်း၌ တိုက်ပွဲရှောင် ၅၀၀၀ ဝန်းကျင်ရှိပြီး SNA ထိန်းချုပ်နယ်မြေအတွင်းသို့ တိုက်ပွဲရှောင် ၁၀၀၀ ကျော် ဝင်ရောက် တိမ်းရှောင်လျက်ရှိကြောင်း၊ တချို့မှာ တောတောင်ဘက် တိမ်းရှောင်နေ ကြကြောင်း၊ တချို့ကတော့ KIA-PDF-ကဒူးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ရှိနေကြောင်း သိရသည်။

SNA ကတော့ ဗန်းမောက်မြို့နယ်၊ ခိုပြင်ကျေးရွာနှင့် ပင်းမန (ခေါ်) ညောင်သာယာကျေးရွာမှ တိုက်ပွဲရှောင် ၁၆၈ ဦးနှင့် အစိုးရဝန်ထမ်း ၂၆၀ ကျော်ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိသလို ကျန်းမာရေး စောင့်ရှောက်မှု လည်း ပေးလျက်ရှိသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဦးရေ (၅၀၀၀) ခန့်ရှိပြီး ဒေသခံပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအား ကူညီ ဆောင်ရွက်ရန်တွင်

ဗန်းမောက်ဒေသသည် ဖုန်းလိုင်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့်အတွက် လက်ရှိ အချိန်တွင် တိုက်ပွဲရှောင်များအား အစိုးရနှင့် နိုင်ငံတကာမှ ကူညီဆောင်ရွက်ပေးသူ မရှိသေးကြောင်း ဗန်းမောက် ဒေသခံ တစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။

SNA ထိန်းချုပ်နယ်မြေအတွင်း ရောက်လာတဲ့ ဗန်းမောက်တိုက်ပွဲရှောင်များကို တွေ့ရစဉ်

၎င်းက “အခုလက်ရှိ ကူညီမယ့် သူလည်းမရှိဘူး။ တစ်ယောက်မှ မရှိသေးဘူး။ ကျနော်တို့က အခုဟာက ဘယ်ရွာ က ဘယ်ကို ရောက်နေတယ်ဆိုတဲ့ ဟာတောင်မှ ကျနော်တို့က မသိဘူး။ ဒါကြောင့်မို့လဲ ကျနော်တို့ အဲဘက်မှာက ဖုန်းလိုင်းလည်းမရှိဘူး။  တချို့နေရာလေးတွေမှာ အင်တာနက် ဝါယာလက်နဲ့ သုံးတဲ့ဟာလေးတွေရှိတော့ အဲတာ လေးတွေနဲ့ နည်းနည်းလေး သတင်းရတာလောက်ပဲ။ သတင်းတွေလည်း ကျနော်တို့က တော်ရုံနဲ့မရဘူး။ အဆက် သွယ်လည်းမရဘူး။ အဲတာကြောင့်မို့လို့ ကူညီပေးမယ့် လူလည်း ကူညီချင်တယ်ဆိုရင်တောင်မှပဲ သွားကူညီလို့ မရဘူး အဲလိုမျိုး ဖြစ်နေတာ”ဟု ပြောသည်။ 
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကဒူး တပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၁၅ ရက်တွင် စတင်ဖော်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့ကို သိမ်းပိုက်ခဲ့သည်။ 

ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ မြန်မာ့တပ်မတော်တို့သည် အင်အားစုစည်းပြီး အောက်တိုဘာ ၄ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး ဗန်းမောက်မြို့ အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေ သည်။