CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါး နေသလို မဲစာရင်း ကြေညာထားမှုအား လာရောက်ကြည့်ရှုမှုလည်း နည်းပါးနေကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

ယခင် အရပ်သားအစိုးရ လက်ထက် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲစာရင်းကို ပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုပြီး မဲစာရင်း မှားယွင်းမှုများ ရှိခဲ့လျှင်လည်း ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ဖြည့်စွက်မှုများရှိခဲ့ သည်။

သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှုမရှိဘဲဖြစ်နေကြသည်ဟု လေ့လာစောင့် ကြည့်သူများက ထောက်ပြလျက်ရှိသည်။ 

မဲဆန္ဒရှင်ဆိုသည်ကမှု စိတ်ဝင်စားသည့်လူလည်းရှိမည်၊ စိတ်မဝင်စားသည့်လူလည်းရှိကောင်းရှိနိုင်ပြီး ကိုယ်စား လှယ်လောင်းများ၊ ပါတီများက စိတ်ဝင်စားလာအောင် ပူးပေါင်းဆောင်ရွက်ကြလျှင် ပိုကောင်းလာနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မဲစာရင်း ကြည့်နေသူကိုတွေ့ရစဉ်

၎င်းက “လူထုစိတ်ဝင်စားမှုကတော့ ကျနော်တို့ တစ်တွေလည်းပဲ အားလုံးက တိုက်တွန်းနေကြတာပေါ့၊ မဲစာရင်း တွေ ထုတ်ပြန်လို့ရှိရင် ကိုယ်နာမည် ပါမပါ ကြည့်ကြပါ၊ မပါဘူး ဆိုလို့ရှိရင်လည်း ပါအောင်လို့ လုပ်ရမယ့် နည်း လမ်းတွေကိုလည်း ပေးထားတာရှိပါတယ်။ မဲဆန္ဒရှင် စိတ်ဝင်စားမှု အားနည်းနေတယ် ဆိုလို့ရှိရင်လည်းပဲ သက်ဆိုင်ရာ နိုင်ငံရေးကိုယ်စားပြု ကိုယ်စားလှယ်တွေပေါ့။ ဒီကိုယ်စားလှယ်တွေ ကနေပြီးတော့ ဒီမဲဆန္ဒမပါဝင်တဲ့ မဲဆန္ဒရှင်တွေရှိတယ် မှားယွင်းနေတယ်ဆိုတဲ့ ဟာတွေကို ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင်တော့ အားပိုကောင်း လာမှာပေါ့။ အခု မဲဆန္ဒရှင်ဆိုတဲ့ ဟာကတော့ စိတ်ဝင်စားတဲ့ လူလည်းရှိမယ်၊ စိတ်မဝင်စားတဲ့ လူလည်း ရှိကောင်း ရှိနိုင်တယ် ဆိုတဲ့ခါကြတော့ ဒီပေါ်မှာက သူတို့ကို သွားပြီးတော့ အပြစ်ပြောနေမယ့် အစားပေါ့။ အပြစ်ရယ်လို့ လည်း ပြောလို့မရဘူး။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့် သူတို့ရဲ့ တွေးခေါ်ပိုင်ခွင့်တွေပေါ့”ဟု ပြောသည်။ 

ယခုလက်ရှိတွင် ပြည်သူလူထုသည် မဲစာရင်းကို သွားရောက်ကြည့်ရှုခြင်း မရှိသလို အမှားမှား အယွင်းယွင်းဖြစ် နေသည့် ရွေးကောက်ပွဲ မဲစာရင်းများအား ပြန်လည်ပြင်ဆင်ရန်လည်း စိတ်ဝင်စားမှု နည်းပါးနေကြကြောင်း သိရ သည်။

မဲစာရင်း စတင် ကြေညာကတည်းက ယခုလိုမျိုး အမှားအယွင်းများ ဖြစ်လာသောကြောင့် လူထုဘက်မှ စိုးရိမ်မှုပြေ ပျောက်အောင် ကော်မရှင်မှ စာရင်းအတိကျ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မဲထည့်ရန် စောင့်နေကြစဉ် 

၎င်းက “စိတ်ဝင်စားတဲ့ လူထုကတော့ နည်းနည်း မဲစာရင်း မှားယွင်း ပြန်ပေါ်လာတယ်ဆိုတော့ ဟိုတခေါက် တုန်း က လိုပဲဆိုတဲ့ သံသယတွေဖြစ်ပြီးမှ စိတ်ပျက်မှုတွေ ဖြစ်ကောင်း ဖြစ်သွားနိုင်တာပေါ့။ လူထုအပေါ်မှာကတော့ ဒီရွေးကောက်ပွဲကို လွန်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ တုန်းကလည်း မဲစာရင်းအမှားတွေ ဘာတွေနဲ့ဆို ပြဿနာ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အခါကြတော့ ဒီချိန်ကလည်း မဲစာရင်း စကြေညာကတည်းက ဒီလိုမျိုးတွေ အမှားအယွင်းတွေ ဖြစ်လာတယ်။ ဒါလူထု ဘက်ကနေပြီးမှ စိုးရိမ်မှု ပြေပျောက်အောင်တော့ ကော်မရှင်ကနေ ပြီးတော့မှ အခုစာရင်း အတိကျ ပြန်ထွက်ခဲ့ပြီဆိုရင်တော့ မှန်မှန်ကန်ကန်လေး ထုတ်ပြန်ပေးဖို့ လိုအပ်တာပေါ့။ ပထမအကြိမ်မှာတော့ လူထုက သံသယ နည်းနည်းရှိသွားပြီ။ ဒုတိယအကြိမ်မှာ မှန်မှန်ကန်ကန် ထုတ်ပြန်လိုက်လို့ ရှိရင် ယုံကြည်မှုက ပိုလာနိုင်ပါတယ်။ ဒါကတော့ ထုတ်ပြန်ကြေညာတဲ့ UEC ပဲ တာဝန်ယူရမှာလေ။ ဒါ UEC က သီးသန့် ကောက်တာရယ်လို့ ကျနော်တို့ မကြားရဘူး။ အုပ်ချုပ်ရေးက ကောက်တဲ့ဒေတာပဲ ကျနော်တို့ ကြားနေရ တဲ့ အခါကြတော့ တာဝန်ခံရမှာက UEC က တာဝန်ခံရမယ်။ UEC ကတဆင့် အုပ်ချုပ်ရေးကို ပြန်ပြောရင် ပြော ပေါ့”ဟု ပြောသည်။

မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်၍ မဲစာရင်းများ ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပထမအကြိမ် ကြေညာခြင်း ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများကို မဲစာရင်းများ လာရောက်ကြည့်ရှုရန် နိုင်ငံပိုင်မီဒီယာများ၊ သတင်းစာများနှင့် လူမှုကွန် ရက် မီဒီယာများမှ နေ့စဉ် တိုက်တွန်း နှိုးဆော်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျန်မြို့နယ်များတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။