CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်နှင့် နယ်မြေကိစ္စများအပေါ် ဗဟိုအစိုးရမှ  ဝင်ရောက် စွက်ဖက်လိုက်ပါက ပိုရှုပ်သွားနိုင်သဖြင့် တရုတ်ဦးဆောင်သည့် နောက်ကနေသာ လိုက်ပါသွားရမည့် အနေအထား ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဗဟိုအစိုးရ ဘာမှမလုပ်သင့်ဘူး။ ဗဟိုအစိုးရလုပ်ရင် ပိုရှုပ်သွားမယ်။ သူ့ရဲ့ မြောက်ပိုင်း အခြေအနေ၊ မဟာမိတ် အခြေအနေ၊ တရုတ် အခြေအနေကပဲ လုပ်သွားမှာ။ ဗဟိုအစိုးရက ဝင်လို့ကို မရဘူး။ ဗဟိုအစိုးရက အဲဒီကထွက်လာတဲ့ အသီးအပွင့်ကိုပဲ သူခံစားလို့ရမယ်။ သူဝင်ရှုပ်လို့မရဘူး။ ဗဟိုအစိုးရက နိုင်ငံရေးအရ ရပ်တည်နိုင်ဖို့ ကြိုးစားနေတယ်။ တပ်ကိုလည်း ပြန်ဆွဲစိနေတယ်။ အဲဒီဟာကို သူ့ဟာသူ လုပ်နေတယ်။ အဲဒီ ဒေသဆိုင်ရာ အရေးအခင်းမှာ ဗဟိုအစိုးရမှာ သွားပြီးတော့ စွက်ဖက်ဖို့ အင်အားလည်းမရှိဘူး။ အခြေအနေလည်း မပေးဘူး။ ဒါကြောင့် အခု သူက တရုတ်က ကြားဝင်လုပ်ပေး နေတာကိုပဲ သူက မှိန်းပြီးတော့စောင့်ရုံပဲ။ ဒါကြောင့် ဗဟိုအစိုးရ ဘာမှအလုပ်မရှုပ်သေးဘူး။ ရခိုင်ကိစ္စကိုလည်း အရှုပ်မခံသေးဘူး။ မြောက်ပိုင်းလည်း အရှုပ်မခံဘူး။ မြောက်ပိုင်းကိစ္စ ကျနော်တို့ ကုန်သွယ်ရေး လမ်းကြောင်းပေါ့ ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ဖို့က တရုတ် ကိုယ်တိုင်က ဦးဆောင်လုပ်‌ပေးနေတော့ အဲဒီအတိုင်းပဲ လိုက်ပါသွားကြမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မကြာသေးခင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ သည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးကိုကိုဦး၊ MNDAA ကိုယ်စားလှယ်များ တွေ့ဆုံကြစဉ်

ထိုစစ်ရေး၌ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက် ထိန်းချုပ်ရရှိထားသည့် ကွတ်ခိုင်မြို့ကို MNDAA မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြရာမှ နှစ်ဖက်ခေါင်းဆောင်များ လောက်ကိုင်မြို့တွင် ၄ ရက်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ၌ သဘောတူချက် ၅ ခုထက်မနည်း ရှိခဲ့သည့်အနက် ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်ရန် လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ညီနောင်မဟာမိတ်များအဖြစ် ဆက်ရှိနေရန်၊ နှစ်ဖွဲ့လုံး အပစ်ရပ်ရန်၊ နယ်မြေသတ်မှတ်မှု ထားရှိရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်တို့ ပါဝင်ကြောင်းလည်း သိရသည်။

MNDAA သည် မတ်လ ၁၄ ရက်နေ့၌ TNLA သိမ်းပိုက်ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ ပြီးနောက် တပ်မတော်နှင့် လားရှိုးမြို့မှာ ဆွေးနွေးပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းမကြီး ဖြစ်သည့် မန္တလေး-မူဆယ်လမ်းမကြီးကို ဖွင့်လှစ်လိုက်သည်။

ထိုမြောက်ပိုင်းမဟာမိတ် နှစ်ဖွဲ့အကြား ပဋိပက္ခ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံသည် သေချာပေါက် ပါဝင် ပတ်သက်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆထားကြသည်။

ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ၎င်းအကျိုးစီးပွားတည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးကို စိတ်ချ ယုံကြည်ရသည့် ကိုးကန့်တပ်နှင့် “ဝ” တပ်ဖွဲ့တို့ကိုသာ ထိန်းချုပ်စေရန် လိုလားပုံရကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။

 TNLA နဲ့ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ ယခုကဲ့သို့ ဝင်ရောက်စွက်ဖက်မှုများအပေါ် မြန်မာဘက်မှ ဟန့်တားရန် အင်အားမရှိသေးကြောင်း၊ တရုတ်အနေဖြင့် နှစ်နိုင်ငံအကြား သမိုင်းမကောင်းအောင် မလုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဘက်က အားမရှိသေးရင်တော့ ဘယ်ထိရောက်မလဲပေါ့။ တိုင်းပြည် ပြန်သွေးစည်းသွားပြီ ဆိုရင်တော့ ထိရောက်မှာပေါ့။ အဲဒါကတော့ စောင့်ကြည့်လိုက်ပေါ့။ သူတို့လည်း ဖွဲ့စည်းပုံအခြေခံ  ဥပဒေအရ ဒါကို အခု သိန္နီ ကို တရုတ်နာမည် ပြောင်းတာတို့ ဘာတို့ ဒါတွေက ကျ‌နော်တို့ မသိသေးဘူးပေါ့ တကယ်ပြောင်းတာလား၊ မပြောင်းတာလား။ အဲဒီလို တရုတ်နာမည်ဆိုရင် မန္တလေးတောင် တရုတ် နာမည်ရှိတာပဲ။ ဒါကတော့ နာမည် ရှိတာကတော့ သိပ်ပြဿနာ မဟုတ်ပါဘူး။ ဟိုပန်တို့ဘာတို့ တရုတ်လို ခေါ်တာပဲလေ။ မန္တလေး ဝါချဲန်ခေါ်တယ်၊ ရန်ကုန်ကို ရန်ကွမ်းခေါ်တယ်။ ခေါ်ပါ ရပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုးလာပြီးတော့ လွှမ်းမိုးဖို့ လုပ်တယ်ဆိုရင် တော့ ပြောရရင်တော့ ဗမာလည်း လက်ရှိမှာ သွေးကွဲနေတာကို။ ဒါကြောင့် ခိုင်မာတဲ့လူ တက်လာလို့ရှိရင် ဒီကိစ္စ က နှစ်နိုင်ငံအတွက်က မကောင်းဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် သမိုင်းမကောင်းအောင် မလုပ်ပါနဲ့လိုပဲ တရုတ်ကို ပြောချင်တယ်” ဟု ပြောသည်။

တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့(UWSA)နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့အပေါ်တွင် ဩဇာလွှမ်းမိုးမှု ရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သော အင်အားရှိသည်။

TNLA သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက နယ်မြေအချို့အား ပြန်လည် ပေးအပ်ခိုင်းရာတွင် သဘောထား တင်းမာမှုကြောင့် တရုတ်နှင့် အဆင်မပြေ ဖြစ်လျက်ရှိနေသည့် အနေအထား၌ ယခုကဲ့သို့ ပဋိပက္ခကို ကြည့်ခြင်း အားဖြင့် တရုတ်၏ TNLA ပေါ် သဘောထားကို ပိုမိုမြင်တွေ့လာရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။