CNI International News

အစ္စလာမ်မာဘက်၊ ဧပြီ ၃

ကနေဒါနိုင်ငံအခြေစိုက် သတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်သော Barrick Mining ကုမ္ပဏီသည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး ရွှေနှင့် ကြေးနီစီမံကိန်းကို တစ်နှစ်ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုစီမံကိန်း၏ နေရာအနီးသည် အီရန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့်  လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများ၊ အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲတို့ကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းရခြင်းဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကြောင့် ယခင်က ထုတ်ပြန်ကြေညာထားသည့် ဘတ်ဂျက်များနှင့် စီမံကိန်း ကာလများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း  Barrick Mining  ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဘလိုချစ္စတန် (Balochistan) ပြည်နယ်တွင် တည်ရှိသော ရီကိုဒစ် (Reko Diq) စီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မဖော်ထုတ်ရသေးသည့် ရွှေနှင့် ကြေးနီသိုက်များထဲမှ တစ်ခုဖြစ်သည်။

ပါကစ္စတန်က ရွှေနဲ့ကြေးနီ တူးဖော်ရေးလုပ်ကွက်ကို တွေ့ရစဉ်

Barrick Mining ကုမ္ပဏီသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု အရင်း အနှီး ခွဲဝေချထားမှု အပါအဝင် စီမံကိန်း၏ ကဏ္ဍစုံကို လေ့လာဆန်းစစ်ရန် ဖေဖော်ဝါရီ ၅ ရက်က ကြေညာခဲ့သည့် ကနဦး တွေ့ရှိချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

ယခုအခါ လေ့လာဆန်းစစ်မှု ကာလကို ဇူလိုင်လမှစပြီး နောက်ထပ် ၁၂ လအထိ သက်တမ်း တိုးသွားမည်ဖြစ်ပြီး စီမံကိန်း ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုလည်း နှေးကွေးစေမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အချိန်ကာလ တိုးမြှင့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ပိုမိုအသေးစိတ် ဆန်းစစ်နိုင်မည်ဖြစ်သလို စီမံကိန်း အကောင်အထည်ဖော်မှု မဟာဗျူဟာကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း Barrick Mining ကုမ္ပဏီ ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Nikkei Asia