CNI International News

ကဘူး၊ ဩဂုတ် ၇

အာဖဂန်နစ္စတန်တွင် တရုတ်၏ ကျောထောက်နောက်ခံပြု ကြေးနီသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုကြေးနီသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းသည် ဆယ်စုနှစ် ၂ စုနီးပါးကြာ နှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် ထိုစီမံကိန်းကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် China Metallurgical Group Corporation (MCC) ကုမ္ပဏီက ကြေညာခဲ့သည်။

သို့သော် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လုံခြုံရေး အခြေအနေများက အဓိက စိုးရိမ်စရာ ကိစ္စများဖြစ်သည်ဟု အာဖဂန် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း လိုဂါ (Logar) ပြည်နယ်ရှိ  Mes Aynak သတ္တုတွင်းမှ ကြေးနီ များ တူးဖော်မှုကို စတင်တော့မည်ဖြစ်ကြောင်း MCC က ကြေညာခဲ့သည်။

လိုဂါပြည်နယ်သည် ကမ္ဘာ့အကြီးဆုံး မတူးဖော်ရသေးသည့် ကြေးနီ သတ္တုသိုက်များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

လက်နက်ကိုင်ထားသော တာလီဘန်တစ်ဦးကို တွေ့ရစဉ်

တာလီဘန်အစိုးရနှင့် လုပ်ထုံးလုပ်နည်းများကို အပြီးသတ် နိုင်ခဲ့မည်ဆိုပါက ယခုနှစ်မှစပြီး ကြေးနီတူးဖော်မှုများ ပြုလုပ်ရန် ကုမ္ပဏီဘက်က အဆင်သင့်ရှိကြောင်း MCC ၏ ကိုယ်စားလှယ် တန်းကော်ပင်း ( Deng Guoping) က ပြောကြားခဲ့သည်ဟု အာဖဂန်မီဒီယာတစ်ခုဖြစ်သည့် Tolo News က ဖော်ပြခဲ့သည်။

ထိုစီမံကိန်းကို လက်မှတ် ရေးထိုးပြီးနောက် ၁၇ နှစ်အကြာတွင် အဆိုပါ သတ္တုတွင်းသို့ သွားရောက်နိုင်သည့် လမ်းကို အပြီးသတ် ဖောက်လုကာနီး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

Mes Aynak စီမံကိန်းကို ၂၀၀၈ ခုနှစ်က နှစ် ၃၀ ကြာ သက်တမ်းဖြင့် MCC က တူးဖော်ခွင့် ရရှိခဲ့သော်လည်း လုံခြုံရေး ပြဿနာများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က အာဖဂန်တွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် မြေမြှုပ်မိုင်း အန္တရာယ်များနှင့်  အခြေခံ အဆောက်အအုံ ရှားပါးမှုတို့ကြောင့် နှောင့်နှေးကြန့်ကြာ ခဲ့ရခြင်းဖြစ်သည်ဟု MCC က ထုတ်ပြန်ခဲ့သည်။

Source: South China Morning Post