CNI International News
ကဘူးလ်၊ ဩဂုတ် ၂၃
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် အာဖဂန်၏မြို့တော် ကဘူးလ် (Kabul) သို့ ရောက်ရှိခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် ၂၀၂၂ ခုနှစ်၊ မတ်လနောက်ပိုင်း ဝမ်၏ ပထမဆုံး အာဖဂန်ခရီးစဉ် ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝမ်သည် ဩဂုတ် ၂၁ ရက်က အာဖဂန်သို့ ရောက်ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဝမ်သည် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး မော်လဝီ အမီယာ ခန်း မွတ်တာကီ (Mawlawi Amir Khan Muttaqi) တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား နယ်ပယ် အများအပြားတွင် ဆက်ဆံရေးများ မြှင့်တင်မည့် အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
တရုတ်သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိအောင် လုပ်ဆောင်နေသော အာဖဂန်အစိုးရ ကို ဆက်လက် ထောက်ခံသွားမည်ဟု ဝမ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ သည်။
ဝမ်ယိနဲ့ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး မော်လဝီကို တွေ့ရစဉ်
တရုတ်သည် ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ အပါအဝင် ကဏ္ဍအသီးသီးတွင် အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ပြီး အာဖဂန်နှင့် နိုင်ငံရေး ယုံကြည်မှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
အာဖဂန်အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အာမခံချက် ရှိစေရန်အတွက် လုံခြုံရေးကို တင်းကျပ်ရန်လည်း ဝမ်က တိုက်တွန်းခဲ့သည်။
မစ္စတာဝမ်ယိသည် ယခုနှစ်အတွင်း အာဖဂန်နစ္စတန်၌ လက်တွေ့ကျသည့် သတ္တုတွင်း တူးဖော်ရေးများကို စတင် လုပ်ဆောင်ရန် တရုတ်က ရည်ရွယ်ထားသည့်အကြောင်းကို ပြောကြားခဲ့သည်ဟု အာဖဂန်အစိုးရက ထုတ်ပြန်ခဲ့ သည်။
ဝမ်သည် အာဖဂန်ဝန်ကြီးချုပ် မူလာ မိုဟာမက် ဟက်ဆန် အက်ခန်း (Mullah Muhammad Hassan Akhund) နှင့်လည်း တွေ့ဆုံခဲ့သည်ဟု အာဖဂန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရက် (Hamdullah Fitrat) က ပြောကြားခဲ့သည်။
တရုတ်သည် အာဖဂန်၏ တာလီဘန်အစိုးရအဖွဲ့ကို တရားဝင် အသိအမှတ် မပြုသေးသော်လည်း ကဘူးလ် မြို့တော်တွင် တရုတ်သံအမတ်အား ထားရှိခဲ့ပြီး တရုတ်နိုင်ငံ၊ ဘေဂျင်း (Beijing) မြို့တော်တွင်လည်း တာလီဘန် သံအမတ်ကို ထားခွင့်ပြုခဲ့သည်။