CNI International News
ကာဘူး၊ မတ်လ ၄
အာဖဂန်နစ္စတန်ရှိ ဘာဂရမ် လေတပ်စခန်း (Bagram Airfield) ကို တရုတ်က ထိန်းချုပ်ထားသည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပြောဆိုချက်ကို တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) က ငြင်းဆိုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့ သည်။
ထရမ့်၏ မှတ်ချက်စကားများသည် စိတ်ခံစားချက်များ ပါဝင်နေပြီး အချက်အလက် ကင်းမဲ့နေကြောင်း မူဂျာဟစ် က မတ်လ ၂ ရက်တွင် အာဖဂန်နိုင်ငံပိုင် RTA ရုပ်သံက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်ကို အမေရိကန်က ဝင်ရောက်တိုက်ခိုက်ချိန်က ဘာဂရမ်လေတပ်စခန်းသည် အမေရိကန်၏ အကြီးဆုံး လေတပ်စခန်း ဖြစ်ခဲ့သည်။
ထရမ့်ကမူ ထိုလေတပ်စခန်းကို တရုတ်က ထိန်းချုပ်ထားကြောင်း၊ တာလီဘန်တို့ အနေဖြင့် ထိုလေတပ်စခန်းရှိ အမေရိကန်၏ စစ်လက်နက်ပစ္စည်းများကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။
မူဂျာဟစ်ကမူ အာဖဂန်နစ္စတန်တွင် တရုတ်တပ်ဖွဲ့များ မရှိကြောင်း၊ တာလီဘန်အစိုးရသည် ဘာဂရမ် လေတပ်စခန်းနှင့်ပတ်သက်ပြီး မည်သည့်နိုင်ငံနှင့်မျှ သဘောတူညီချက်များ ရရှိမထားကြောင်း ပြောကြားခဲ့သည်။
ဘာဂရမ်လေတပ်စခန်းကို တွေ့ရစဉ်
ထို့ပြင် ထိုလေတပ်စခန်းသည် တာလီဘန်တို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်ဟု ဆိုသည်။
အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန်၏ စစ်လက်နက် ပစ္စည်းများသည် ယခင်အစိုးရက ပိုင်ဆိုင်သော လက်နက်များဖြစ်ပြီး စစ်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်များအဖြစ် သတ်မှတ်နိုင်ကြောင်း ပြောကြား ခဲ့သည်။
တာလီဘန်တို့သည် ထိုလက်နက်များကို အသုံးပြုပြီး အာဖဂန်နစ္စတန်အား ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်ကို ခြိမ်းခြောက်လာမည်ဆိုပါက ထိုလက်နက်များကို အသုံးပြုသွားမည်ဟု မူဂျာဟစ်က ပြောသည်။
အမေရိကန်သည် အာဖဂန်နစ္စတန်ကို နှစ်ပေါင်း ၂၀ ကြာ သိမ်းပိုက်ခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမည်ဆိုပါက စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် အာဖဂန်နစ္စတန်အတွက် နစ်နာကြေးများ ပေးသင့်သည်ဟုလည်း မူဂျာဟစ်က ပြောကြားခဲ့သည်။
Source: South China Morning Post