CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၄

မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ယခု အနေအထားတိုင်း ဆက်သွားနေမည်ဆိုပါက ကျရှုံးနိုင်ငံ ဖြစ်သွားနိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးသည် နေရာအနှံ့အပြား တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေသိမ်းပိုက်မှုများကြောင့် ပြိုကွဲနိုင်ငံ နီးပါး ဖြစ်နေကြောင်း သုံးသပ်မှုများရှိသည်။

ထို့ကြောင့် ယခုအနေအထားတွင် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များအနေဖြင့် ကိုယ့်အကျိုးစီးပွား အတွက် ရပ်တည်မည်ဆိုပါက ရေရှည်တွင် ကျရှုံးနိုင်ငံဖြစ်သွားနိုင်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “အဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံခေါင်းဆောင်ပေါ့။ ခေါင်းဆောင်လို့ ပြောတဲ့နေရာမှာ တိုင်းရင်းသား ခေါင်းဆောင်ရှိတယ်၊ ဒီမိုကရေစီ ခေါင်းဆောင်ရှိတယ်။ နောက် လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေ ရှိတယ်။ ဒီခေါင်းဆောင်တွေ အားလုံးက ကိုယ်ကျိုးစီးပွားတွေ တင်းနိုင်တယ်၊ ကိုယ်ကျိုးစီးပွားအတွက်ပဲ ရပ်တည်မယ် ဆိုရင်တော့ ဒါက တစ်စနှစ်စ မကျရှုံးသည့်တိုင်အောင် တစ်နေ့တော့ ကျရှုံးမှာပဲ။ တစ်နေ့တော့ ပြိုကွဲမှာပဲလို့ မှတ်ချက်ပေးချင်တယ်။ တခြားနိုင်ငံမှာ နည်းလမ်းတွေက အများကြီးရှိတယ်။ ကျနော်တို့က ဒီနိုင်ငံ လူမျိုးများလို့၊ ဘာသာမတူလို့၊ လူမျိုးကွဲပြားလို့ ဒါတွေက တခြားနိုင်ငံနဲ့ ကြည့်ရင် ဆင်ခြင်တွေပဲ။ မတူကွဲပြားတဲ့ နိုင်ငံမှာ ပေါင်းစည်းတဲ့ နိုင်ငံတွေ အများကြီးရှိတယ်လေ။ ဥပမာအားဖြင့် အိန္ဒိယကို ကြည့်ပါလား၊ ဘာသာမတူဘူး၊ အခြေအမြစ်မတူဘူး၊ ပုံစံမတူဘူး။ အဲဒါတောင် ကျနော်တို့ ပေါင်းစည်းနိုင်တယ်ဆိုတာ ကျ‌နော်တို့လည်း ပေါင်းစည်းနိုင်ဖို့ လွယ်လွယ်လေးပဲလေ” ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ကမ္ဘာစစ်ကြီးကဲ့သို့ အနေအထား မဟုတ်သေးသော်လည်း အင်မတန် ဆိုးရွားသည့် အနေအထားကို ရောက်သွားပြီဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြ သည်။ 

(၄) နှစ်‌ကျော်ကြာ ယခုအခြေအနေမှာ လူထုအတွက် ထိခိုက်နစ်နာမှု များပြားနေပြီ ဖြစ်သည့်အတွက် နှစ်ဖက် အင်အားစုများအနေဖြင့် ညှိနှိုင်းရန်လိုအပ်ကြောင်း၊ ၎င်းတို့ မပြေလည်သရွေ့ ကျဆုံးနိုင်ငံ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ နိုင်ငံ‌ရေးပါတီများ တွေ့ဆုံဆွေးနွေးနေစဉ်

၎င်းက “တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဖို့လိုတာပေါ့။ မပြေလည်မချင်းကတော့ ကျဆုံးနိုင်ငံ ဖြစ်နိုင်တယ်။ ပြိုကွဲတဲ့ အနေအထားမျိုး ရောက်လာနိုင်တယ်။ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရမှာပဲ။ ဘာပဲ ဖြစ်ဖြစ် အားလုံးပါဝင်တဲ့ state holder တွေ ဒါတွေကို ပြန်စဉ်းစားသင့်တယ်။ နာကျည်းမှုတွေ၊ မုန်းတီးမှုတွေ၊ မခံချင်စိတ်တွေ၊ ကလဲ့စားချေချင်စိတ်တွေ အဲဒီလိုဖြစ်နေကြတော့ အရမ်းတော့ခက်တဲ့ အနေအထားမျိုး။ အင်အား စုကြီးတွေက တဖြေးဖြေးနဲ့ သူ့နေရာနဲ့သူ သိမ်းပိုက်တဲ့ နေရာတွေ ဖြစ်နေကြတော့ အင်အားစု သေးသေးလေး ဆိုရင်တော့ ပြိုကွဲမှုမရှိဘူး။ ဥပဒေစိုးမိုးမှုတွေ ပျက်သုန်းတာမရှိဘူး။ သို့သော်လည်း အခုက အင်အားစုကြီးတွေ အကြီးကြီးဖြစ်ပြီး နေရာအနှံ့အပြားမှာ ဖြစ်နေတဲ့ ပြိုကွဲနိုင်တယ်လို့ ပြောနိုင်တာပေါ့”ဟု ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများမှာ ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်း နေကြသော်လည်း ပြုပြင်ပြောင်းလဲရေး အရွေ့တစ်ခုကို သွားနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုး မရှိသေးကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။