CNI International News

ဒါကာ၊ ဩဂုတ် ၆

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) ဖြုတ်ချခံခဲ့ရပြီးနောက် ၁ နှစ်အကြာတွင် နိုင်ငံရေးအုပ်စုများ၏ ခြိမ်းခြောက်ငွေညှစ်မှုများ မြင့်တက်လာခဲ့သည်အတွက် စီးပွားရေးလုပ်ငန်းများကို ထိခိုက် လာသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ခြိမ်းခြောက် ငွေညှစ်မှုများသည် ငွေကြေးဖောင်းပွမှုများကို မြင့်တက်စေနိုင်ကြောင်း စီးပွားရေးပညာ ရှင်များက သတိပေးခဲ့သည်။

ဒေသန္တရ နိုင်ငံရေးခေါင်းဆောင်များနှင့် အရာရှိများ ပါဝင်နေသည့် အစုအဖွဲ့များသည် အဝေးပြေးလမ်းမများပေါ်ရှိ တိုးဂိတ်များတွင် ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် စျေးသည်များကို တိုးဂိတ်ဖြတ်သန်းခများ တရားမဝင် တောင်းခံနေသည်ဟု ဆိုသည်။

ထိုကဲ့သို့ တရားမဝင် ငွေညှစ်မှုများမှ ရရှိသည့် ငွေပမာဏသည် နှစ်စဉ် ဒေါ်လာသန်း ၁၀၀ ခန့်ရှိပြီး အများစုကို သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ဒါကာမြို့တော်၏ အဝေးပြေး လမ်းများပေါ်တွင် ဘတ်စ်ကားများနှင့် မီနီဘတ်စ်ကား ပြေးဆွဲသူများ သည် ခြိမ်းခြောက် ငွေညှစ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက လူနေမှုတစ်ခုကိုတွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ် ဇာထိုးထည် ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း (Bangladesh Knitwear Manufacturers and Exporters Association-BKMEA) ၏ ဥက္ကဋ္ဌကတော့ ထိုကဲ့သို့ တရားမဝင် ငွေကြေး ကောက်ခံမှုများသည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စျေးများနှင့် စစ်ဆေးရေး ဂိတ်များတွင် ဖြတ်သန်းသွားလာခများကို လိုအပ်သည်ထက် ပိုမိုကောက်ခံနေ မှုအား လျှော့ချရန်အတွက် အရေးယူ ဆောင်ရွက်ကြရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (DCCI) ကလည်း တရားမဝင် ငွေကြေးကောက်ခံမှုများသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ကျစေပြီး ကုန်သွယ်မှု လုံခြုံရေးကို ပျက်ယွင်းစေကြောင်း သတိပေး ခဲ့သည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တရားမဝင် ငွေကြေးကောက်ခံမှုများသည် စျေးကွက်ကို အားနည်းစေပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်စေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia