CNI International News

ဘန်ကောက်၊ ဧပြီ ၂၂

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန်  ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ပေတုန်တန်သည် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ (၈၁)ကြိမ်မြောက် အစည်းအဝေးတွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များ၊ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် စိုးရိမ်စရာကောင်းသည့် နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း ပေတုန်တန်က ပြောသည်။

ဧပြီ ၂၁ ရက်မှ ၂၅ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပမည့် အဆိုပါ အစည်းအဝေးတွင် “အာရှနှင့် ပစိဖိတ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး”အမည်ရှိ ခေါင်းစဉ်ဖြင့် ပေတုန်တန်က အာရှ-ပစိဖိတ်နိုင်ငံများမှ ဝန်ကြီးများကို အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုရည်မှန်းချက်အရ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်အတူ လက်ရှိကျင့်သုံးနေသည့် မူဝါဒနှင့် အသစ်ပေါ်ပေါက်လာသော မူဝါဒများကို ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည့် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

“အဲဒီစိန်ခေါ်မှုတွေက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ် သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကျမတို့အားလုံးအပေါ် သက်ရောက်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထိုစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အလွှာပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လိုအပ်သည် ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ ESCAP ၊ အာဆီယံ ၊ BIMSTEC ၊ OECD နှင့် အာရှပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲကဲ့သို့ နိုင်ငံပေါင်းစုံ ပါဝင်သည့် အဖွဲ့အစည်းများ၏ အရေးကြီးပုံကိုလည်း ပေတုန်တန်က အလေးထား ပြောခဲ့သည်။

ထို့ပြင် မတ်လ ၂၈ ရက်က ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် လှုပ်ခတ်သွားခဲ့သည့် အင်အားပြင်း ငလျင်အပြီး၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ၏ အရေးကြီးပုံကိုလည်း ပေတုန်တန်က ထည့်သွင်းပြောကြားခဲ့သည်။

ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် ထိုင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို မဟာမိတ်နိုင်ငံများနှင့်ဆက်လက် မျှဝေကျင့်သုံးသွားမည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။

Source: The Nation