CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
နစကဥက္ကဋ္ဌကို အာဆီယံက ထိတွေ့ဆက်ဆံလာခြင်းသည် မြန်မာနိုင်ငံရေး အခင်းအကျင်းအား အလှည့်အကွေ့ တစ်ခုဖြစ်စေရန် ပုံဖော်ဖို့ ကြိုးစားနေခြင်းဖြစ်သည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါ၊ အာဆီယံဥက္ကဋ္ဌအကြံပေး ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ရေးအခြေအနေများ၊ အကြမ်းဖက်မှုများနှင့် တိုက်ပွဲရှောင်ရသည့် ကိစ္စများသည် အာဆီယံ အပေါ်တွင်လည်း ထိခိုက်လာသောကြောင့် မြန်မာ့အရေးအား ပိုမိုပါဝင် စွက်ဖက်လာခြင်းဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံဥက္ကဋ္ဌ အကြံပေး သက်ဆင်နဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံဆိုတာလည်း ဒါအိမ်နီးချင်း ဥပမာ ဒီဖက်မှာ ထိုင်းတို့၊ လာအိုတို့ နယ်နိမိတ်ချင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆက်စပ်နေတယ်၊ ဒီတော့ မြန်မာနိုင်ငံရဲ့ အနေအထားဟာလည်း အာဆီယံတင်မကဘူး၊ အာရှမှာရော၊ ကမ္ဘာ့အတိုင်းအတာမှာရော တော်တော်လေး ရုပ်ပျက်ဆင်းပျက်မျိုးတော့ ဖြစ်လာတယ်၊ နိုင်ငံတွင်း မှာ နေပြီးတော့ အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ စစ်ဘေးရှောင်ရတဲ့ဟာတွေ ကျနော်တို့ ဒီအာဆီယံရဲ့ အပေါ်မှာ လည်း ထိခိုက်လာတယ်ပေါ့နော်၊ နောက်ဒီအပေါ်မှာ မူတည်ပြီးတော့ မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးမှာ မဟာဗျူဟာအရ နေပြီးတော့ စစ်ရေးအခြေအနေပေါ့ဗျာ၊ ဒီဟာတွေလည်း တော်တော်လေး တင်းတင်းမာမာ ဖြစ်လာနိုင်ခြေ တွေ့နေရတယ်၊ အဲဒီတော့ အခုက အာဆီယံက ငြိမ်နေလို့ မရတော့ဘူးပေါ့နော်၊ အဲဒါကြောင့် လည်း မြန်မာ့အရေးကို ပိုပြီးတော့ ပါဝင်စွက်ဖက်လာတယ်ဆိုတဲ့ဟာ မြင်ရတယ်၊ အထူးသဖြင့် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်တို့ကတော့ မြန်မာ့စစ်ခေါင်းဆောင်တွေနဲ့ သူတို့က ထည်ထည်ဝင်ဝင် ရှိခဲ့တယ်ဆိုတဲ့ အခါမှာ သူတို့လည်း တစ်ချိန်က အာဆီယံမှာ တာဝန်ရှိခဲ့တဲ့ ခေါင်းဆောင်တွေထဲမှာ ပါတဲ့အတွင်းမှာ သူတို့တွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အလှည့်အကွေ့တစ်ခုကို သူတို့ ပုံဖော်ဖို့ ကြိုးစားနေတယ်လို့ မြင်ပါ တယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ တွေ့ဆုံမှုတွင် မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက် အဝန်းမှ ဆက်လက်ကူညီ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အန်ဝါနဲ့ NUG က မန်းဝင်းခိုင်သန်း အွန်လိုင်းက ဆွေးနွေးစဉ်
ဒေသတွင်းနိုင်ငံရေး အပြောင်းအလဲ တစ်ခုခုတွင် အာဆီယံအနေဖြင့် ဝင်ရောက်ညှိနှိုင်းပေးသည့် ပုံစံသာဖြစ် ကြောင်း၊ ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းရန် လှုပ်ရှားကြည့်သည့် သဘောမျိုးသာ ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောရရင် အာဆီယံကိုယ်တိုင်က ဟိုးအရင်တုန်းက ပြောခဲ့ဖူးတာတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်က ဘယ်သူ့ဘက် ပိုပြီးတော့ အားသာမလဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တရုတ်နဲ့အမေရိကန်အကြား ဘယ်ဘက်ကို ကပ်မလဲဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ကစားတာတွေ ရှိတယ်၊ အဲဒီတော့ ဘယ်လိုပဲဖြစ်ပါစေ၊ ဒေသတွင်း နိုင်ငံရေး အပြောင်းအလဲတစ်ခုခုမှာ သူတို့ဝင်ပြီးတော့ ဘာတွေ လှုပ်ရှားကြည့်လို့ရမလဲ၊ ဒါမျိုးညှိနှိုင်းပေးတဲ့ ပုံစံပဲ၊ အဲဒီတော့ အာဆီယံရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိလဲဆိုတဲ့ဟာက တကယ်တမ်း ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်၊ အထူးသဖြင့် မြန်မာဆိုတာ အာဆီယံအတွက် ဒေသတွင်းမိတ်ဖက်ပဲ၊ Regionalization အရ သူတို့သည် ဒေသတွင်းနိုင်ငံ အဖွဲ့ထဲမှာလည်း ပါနေတယ်၊ နောက်ဒီမှာလည်း ဖြစ်နေတဲ့ ပြဿနာတွေကို သူဘယ်လောက် ဖြေရှင်းပေးလို့ရမလဲ နိုင်ငံရေးနည်းအရ ဒါကိုသူလှုပ်ရှားကြည့်တဲ့ သဘောပဲ၊ အာဆီယံဝင်ကူပေးလို့ အကုန်လုံးပြီးသွားနိုင်လား ဆိုတဲ့ဟာမျိုးလည်း ပုံသေမျှော်မှန်းလို့မရဘူး၊ ဒါပေမယ့် ဒီထက် ပိုပြီးတော့ ဘယ်လောက်ထိ လုပ်နိုင်မလဲ ဒါကတော့ စောင့်ကြည့်ရပါလိမ့်မယ်” ဟု ပြောသည်။
NUG ကတော့ ယခုနှစ် ၂၀၂၅ ခုနှစ်သည် ကြီးမားသည့် တော်လှန်ရေး အလှည့်အပြောင်းဖြစ်ပြီး တော်လှန်ရေး အောင်ရန် ပို၍ ကြိုးစားသွားမည်ဟု NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။