CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားနိုင် ရေး ထိုင်းနိုင်ငံတွင် ဆွေးနွေးကြမည်ဖြစ်သည့်အတွက် အဖြေရှာနိုင်မလားဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပက အလေးထား စောင့်ကြည့်နေကြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ထိုင်းနိုင်ငံ၌ မြန်မာ့အရေး ဆွေးနွေးမည့် အစည်းအဝေး ၂ ခုကို ကျင်းပသွားမည်ဖြစ်သည်။
ထိုင်းတွင် ကျင်းပမည့် ဆွေးနွေးပွဲများသည် အကောင်းဘက်သို့ တော်တော်များများ ရောက်သွားလိမ့်မည် ဖြစ် ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေကြားထဲမှာက ဒီလုံခြုံရေးဆိုင်ရာ ကိစ္စရပ်ပေါ့၊ ကျနော်တို့က ဒီခပ်ရှင်း ရှင်း ပြောရင်တော့ Regional Security (ဒေသလုံခြုံရေး) ဖြစ်သွားတာပေါ့နော် ဒေသတွင်း တကယ်တမ်းက နှစ်နိုင်ငံကြားထဲက ဖြစ်နေတဲ့ ကိစ္စရပ်လို့ဆိုပေမယ့် ဒီနှစ်နိုင်ငံကြားထဲက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မတည် မငြိမ် ဖြစ်မှုတွေက ဒေသတွင်းမှာ လုံခြုံရေးကို သွားထိခိုက်နိုင်တာကိုး၊ အဲဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်တယ်ဆိုတဲ့ ဆွေးနွေးပွဲကတော့ ကျနော်တို့ အတွက်ကတော့ ဘယ်လိုပဲပြောပြော ဒါကြိုဆိုရမှာဖြစ်တယ်၊ ဒီပေါ်ကနေပြီးတော့ အဖြေတွေဘယ်လို ထုတ်ကြမလဲ၊ ဒီထက်ပိုကောင်းတဲ့ အခြေအနေ ရောက်အောင် ဘယ်လို လုပ်ကြမလဲပေါ့၊ ဒါကတော့ ဆွေးနွေးပွဲတွေ လုပ်ရင်းကနေပြီးတော့ ကျနော်တို့ အဖြေရှာသွားနိုင်မယ်လို့ပဲ မျှော်လင့်ထားပါတယ်၊ မြန်မာနဲ့ထိုင်းကြားမှာ ခုလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ စုစုစည်းစည်း လုပ်နိုင်မယ် ဆိုရင်တော့ ကျနော်တို့က ဒီထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုပေါ့နော်၊ မျှော်လင့်ချက်တစ်ခု ဘာတွေဖြစ်လာနိုင်လဲ၊ အဲတော့ သေချာတာကတော့ အကောင်းဘက်ကို တော်တော်များများ ရောက်သွားလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်နိုင်ပါတယ်” ဟု ပြောသည်။
ထိုင်း-မြန်မာ-အိန္ဒိယမှ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ကျင်းပမည့် အစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်သည်။
ထို့နောက် ဒီဇင်ဘာ ၁၉ ရက်တွင် နယ်စပ်ဖြတ်ကျော် နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု များနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သလို ဒီဇင်ဘာ ၂၀ ရက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးကို ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေး ၂ ခုကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများမှ ဝန်ကြီးနှင့်ဒုတိယဝန်ကြီးအဆင့်များ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနယ်နိမိတ်၌ ဖြစ်ပေါ်နေသော ပြဿနာများ၊ ထိုင်း-မြန်မာ နယ်စပ်အတွင်း တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များအား ဖြေရှင်းရန် မလွယ်ကူနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ နစကဥက္ကဋ္ဌကို တရုတ်နိုင်ငံမှာ တွေ့ရစဉ်
၎င်းက “ထိုင်းက ဗမာပြည်နဲ့ပတ်သက်ပြီးတော့ ပြဿနာသစ်တစ်ရပ် ထပ်တိုးလာတာပေါ့ဗျာ၊ အဲတာတော့ ထိုင်း နယ်နိမိတ်မှာ “ဝ” တပ်ဖွဲ့က ကျူးကျော်ပြီးတော့ စစ်စခန်းတွေ ဆောက်ထားတာ ပြန်ဆုတ်ပေးဖို့အတွက် တောင်း ဆိုတဲ့ ကိစ္စတွေဖြစ်လာတာပေါ့၊ နောက်ပြီးတော့ ခါတိုင်းဖြေရှင်းနေရတဲ့ ထိုင်းနယ်စပ်က ပြဿနာတွေပေါ့ဗျာ၊ အဲတာကြောင့် အဲတာတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး တာ ပြုလုပ်လိမ့်မယ့် သဘောရှိပါတယ်၊ ဒါပေမယ့် အဲတာတွေ ပြဿနာတွေက ဖြေရှင်းဖို့တော့ သိပ်တော့မလွယ် ကူပါဘူးဗျ၊ လွယ်ကူမယ်လို့ မထင်ပါဘူး၊ ထိုင်း-မြန်မာ နယ်စပ်အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေက လူကုန်ကူးမှု ပြဿနာတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေ၊ နောက်တစ်ခုက အဲတာတွေက တစ်ဖက်ကလည်း ဖမ်းဆီးတာ၊ အရေးယူတာတွေ ရှိနေပေမယ့် တစ်ဖက်ကလည်း ပြည်တွင်းမှာ ရပ်တည်ဖို့အတွက် အခက်အခဲရှိနေတဲ့ အင်အား စုတွေ အနေနဲ့ကတော့လည်း ထွက်ပေါက်ရှာနေတဲ့ အချိန်ဆိုတော့ ဒီကိစ္စတွေက ဖြေရှင်းဖို့ခက်ပါတယ်” ဟု ပြော သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် အကျပ်အတည်အား အဖြေရှာရန်အတွက် အလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံ ကျင်းပပေးမည်ဟု ထိုင်းနိုင်ငံက အောက်တိုဘာ လကတည်းက ကမ်းလှမ်းခဲ့ပြီးနောက် ယခုကဲ့သို့ အစည်းအဝေးများ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
အလားတူ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။