CNI International News

ဘေကျင်း၊ ဒီဇင်ဘာ ၁၇

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့သည် အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုများအား တိုက်ခိုက်ရန်အတွက် ပစ်မှတ်များပါဝင်သည့် စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွင်း ထိုစာရင်းထဲတွင် ပါဝင်သော အမေရိကန်စစ်တပ် ရေဒါများ၊ ဆင်ဆာများ နှင့် ဆက်သွယ်ရေး စနစ်များသည် တရုတ်၏ အီလက်ထရောနစ် စစ်ဆင်ရေး လက်နက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရဖွယ်ရှိကြောင်း ထိုစာရင်းပြုစုမှုတွင် ပါဝင်သည့် သုတေသီတစ်ဦးက ပြောသည်။

ထိုကဲ့သို့ မကြုံစဖူး ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာနှင့် စက်မှု အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်သည့် Defence Industry Conversion မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပညာရှင်တစ်ဦးကို တွေ့ရစဉ်

စစ်ရေးနည်းပညာများ၊ လက်နက် ထုတ်လုပ်မှုများနှင့်ပတ်သက်သည့် သုတေသနတွင် အရပ်ဖက် အင်စတီကျူးရှင်းများနှင့်ကုမ္ပဏီများ ပါဝင်လာစေရန် အားပေးလှုံ့ဆော်သော ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ဒီအချက်အလက်တွေက တရုတ်ရဲ့ အနာဂတ် ရေတပ် စစ်မြေပြင်တွေမှာ အီလက်ထရောနစ် တန်ပြန်နည်းပညာ နဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖို့အတွက် အကိုးအကားတွေအဖြစ် အသုံးပြုနိုင်ပါတယ်" ဟု PLA ၏  92728 Unit မှ အီလက်ထရောနစ် တန်ပြန်ဆောင်ရွက်ရေး ကျွမ်းကျင်သူ မိုကျားချင် (Mo Jiaqian) က ပြောကြား ခဲ့သည်။

မို၏ အစီရင်ခံစာတွင် အမေရိကန်ရေတပ်၏ ပူးတွဲတိုက်ပွဲဝင်စွမ်းရည် (CEC) စနစ်၏ အလုပ်လုပ်ပုံနှင့် အားသာ ချက်များကို စေ့စပ်သေချာစွာ ဖော်ပြထားသည်။

တရုတ်စစ်သားတွေကို တွေ့ရစဉ်

ထိုစနစ်သည် လေယာဉ်တင် သင်္ဘောအုပ်စု၏ လေကြောင်း ကာကွယ်ရေးနှင့် ကြိုတင် သတိပေးမှု ကွန်ရက်များ ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

PLA အီလက်ထရောနစ် စစ်ဆင်ရေး တိုက်ခိုက်မှုများတွင် အမေရိကန်၏  Aegis သင်္ဘောများပေါ်ရှိ AN/SPY-1 ရေဒါကို အဓိကပစ်မှတ်ထားခဲ့သည်။

ထိုရေဒါကို အမေရိကန်လေကြောင်းနှင့် အာကာသကုမ္ပဏီ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် အသုံးပြုလာသည်မှာ ဆယ်စုနှစ် ၄ စုကျော်လာပြီဖြစ်သည်။

PLA ၏ နောက်ထပ် အကြီးစား ပစ်မှတ်မှာ အမေရိကန်၏ E-2C Hawkeye ကြိုတင်သတိပေးချက် ထုတ်လွှင့်သည့် လေယာဉ်ဖြစ်ပြီး ထိုလေယာဉ်သည် အမေရိကန် စစ်သင်္ဘောအုပ်စု တစ်ခုလုံး၏ ညှိနှိုင်းဆောင်ရွက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် လေယာဉ်ဖြစ်သည်။

Source: South China Morning Post