CNI International News 

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေသည် ကျိုးပျက်လွယ်သည့် အနေအထားသို့ ရောက်ရှိနေချိန်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၂ နိုင်ငံ ဖြစ်သည့် အမေရိကန်နှင့် တရုတ်သည် တင်းမာမှုများကို လျှော့ချဖွယ်ရှိသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တရုတ်သည် ကမ္ဘာ့ကုန်စည်များနှင့် ဝန်ဆောင်မှု လုပ်ငန်း စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ကို လည်ပတ်လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ 

ထို့ကြောင့် အမေရိကန်နှင့် တရုတ်အကြား စီးပွားရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားလာခဲ့မည်ဆိုပါက ကျန်သည့် ကမ္ဘာ့နိုင်ငံအားလုံးသည် ထိုပဋိပက္ခ၏ သက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။

ကုန်သွယ်ရေးသင်္ဘောများကိုတွေ့ရစဉ်

စစ်စင်တွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ်က COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် ငွေကြေးဖောင်းပွမှုများ၊ ဘဏ်အတိုးနှုန်း မြင့်တက်မှုများနှင့်အတူ လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမာ့စ် စစ်ပွဲတို့သည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ 

လက်ရှိ အခြေအနေများအရ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ၃ ရာခိုင်နှုန်း သာ တိုးတက်ဖွယ်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်သည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ 

"အခုလို အခြေအနေမျိုးမှာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား ထိပ်တိုက် တွေ့နေမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်တဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေအပေါ် ဆိုးရွားပြင်းထန်စွာ ရိုက်ခတ်နိုင်ပါတယ်"ဟု အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကော်နဲလ် တက္ကသိုလ် (Cornell University) မှ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ပါမောက္ခ အက်စ်ဝါ ပရာဆက် (Eswar Prasad) က ပြောကြားခဲ့သည်။

APEC ညီလာခံကျင်းပရန် ပြင်ဆင်နေစဉ်

ထို့ကြောင့် အမေရိကန်နှင့် တရုတ်သည် နိုဝင်ဘာ ၁၈ ရက်တွင် စတင်မည့် APEC အစည်းအဝေးတွင် နှစ်နိုင်ငံ အကြား စီးပွားရေး တင်းမာမှုအချို့ကို လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ သည်။ 

ထိုအစည်းအဝေးကို ပစိဖိတ်ရပ်ဝန်းမှ နိုင်ငံပေါင်း ၂၁ နိုင်ငံ တက်ရောက်မည်ဖြစ်ပြီး ထိုနိုင်ငံများ၏ စီးပွားရေး အင်အား စုစုပေါင်းသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းရှိသည်။ 

Source: အေပီ