CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁၅

ထိုင်းပြည်သူများကို ဒစ်ဂျစ်တယ်ငွေကြေး ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးဖို့ ဘတ် ၅၀၀ ဘီလျံ ချေးငွေရယူရန် ကြိုးပမ်းနေသည့် အစိုးရအဖွဲ့၏ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် ညွန့်ပေါင်း မဟာမိတ်ပါတီများ၏ ထောက်ခံမှုကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Sritha Thavisin)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့သည် အောက်လွှတ်တော်တွင် မဲ ၃၂၀ ကို ရရှိထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့် နိုင်ငံ၏ စီးပွားရေးကို လှုံ့ဆော်ရန်အတွက် ပြည်သူများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ဆရီသာက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၃ ရက် ညပိုင်းက သွားရောက်ခဲ့သည့် လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။ 

ခိုင်မာသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ထိုင်းနိုင်ငံသည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် မဟုတ်ကြောင်းလည်း ဆရီသာက ပြောသည်။

MFP ပါတီ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာ တန်ဆာခွန်ကို တွေ့ရစဉ်

ထိုင်းဗဟိုဘဏ် (Bank of Thailand) အုပ်ချုပ်ရေးမှူးကလည်း ပြည်သူများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ ရေး စီမံကိန်းအတွက် ရန်ပုံငွေရရှိရန် အစိုးရအနေနှင့် ငွေချေးသင့်ကြောင်း အကြုံပြုခဲ့သည်ဟု ဆရီသာက ပြော သည်။

အတိုက်အခံ Move Forward(MFP)ပါတီ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာ တန်ဆာခွန် (Sirikanya Tansakun) ကမူ အစိုးရ၏ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ရေး စီမံကိန်းသည် အကောင်အထည် ပေါ်လာနိုင်မည် မဟုတ်ကြောင်း၊ လွှတ်တော်တွင် ပယ်ချခံရနိုင်ကြောင်း ပြောကြားခဲ့သည်။ 

သို့သော် ဆရီသာကမူ သီရိကန်ယာ၏ ပြောကြားမှုကို တုန့်ပြန်ခဲ့ရာတွင် "အစိုးရအဖွဲ့မှာ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်အတွင်း ထောက်ခံမဲ ၃၂၀ ရှိနေလိမ့်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

အစိုးရသည် ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ရေး စံသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်နေပြီး ပြည်သူများ၏ အသံကို နားထောင်နေသည့်အတွက် ထိုစီမံကိန်းသည် နှောင့်နှေးကြန့်ကြာ နိုင်သည်ဟုလည်း ဆရီသာက ပြော ကြားခဲ့သည်။

ပြည်သူများကို ဒစ်ဂျစ်တယ်ငွေကြေးများ ထောက်ပံ့ပေးမည့် အစီအစဉ်ကို ယခင်သတ်မှတ်ထားသည့် ကာလထက် ၃ လနောက်ကျပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် စတင်နိုင်လိမ့်မည်ဟုလည်း ဆရီသာက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်