CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား နေ၍ ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ရပ်တန့်သွားကြောင်း ကုန်သည်များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်လိုက်ကြောင်း ရခိုင်ပြည်နယ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

ကုန်သွယ်ရေး ရပ်တန့်သွားခြင်းကြောင့် စစ်တွေဆိပ်ကမ်းနှင့် လမ်းတစ်ဝက်တွင် ရောက်ရှိနေကြသည့် ပုပ်သိုး လွယ်သော ရေချိုငါးမြစ်ချင်း၊ ဂျင်းနှင့် ကြက်သွန်များ ပျက်စီးမှုများ ကြုံတွေ့နေရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ရခိုင်ပြည်နယ်အတွင်း AA နဲ့ တပ်မတော် တိုက်ပွဲမှာ AA က သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများကို တွေ့ရစဉ်

၎င်းက “ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတော့ သွားလို့မရဘူး ဖြစ်နေတာပေါ့။ ကုန်းလမ်း၊ ရေလမ်း ပိတ်ထား တယ်ဆိုတော့ ဘာမှ လုပ်လို့ မရဘူး။ အဓိကကတော့ ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေ ပျက်စီးတယ်။ ကုန်စိမ်းတွေဖြစ် တဲ့ ငါးတို့၊ ဂျင်းတို့၊ ကြက်သွန်တို့ ပျက်စီးပါပြီ။ 
ကုန်သွယ်ရေးကတော့ တိုက်ပွဲဖြစ်နေပြီဆိုမှတော့ တခြားနယ်စပ် ဂိတ်တွေမှာ စစ်တွေလိုမျိုး ကားလမ်းတွေ ပိတ်လိုက်ပြီဆိုရင်လည်း စီးပွားရေးက ထိခိုက်မှု ပိုကျပ်တည်းတာပေါ့ နော်။ ဒီဘက်မှာကျတော့ ကုန်းလမ်း၊ ရေလမ်းပိတ်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတာဆိုတော့ သက်ဆိုင်တဲ့ သူတွေ ကနေပြီးတော့ အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ဖွင့်ပေးမှပဲ သွားလို့ရမှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ချင်း၊ ရွာချင်းဆက် လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဘက်မှ ရခိုင်ပြည်နယ်သို့လာသည့် ဝင်ပေါက်များ အားလုံးကို လည်း ပိတ်ထားကြောင်း သိရသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်အတွက် စစ်တွေသို့ ရောက်ရှိနေသည့် ရေချိုငါးမြစ်ချင်းများသည် လက်ရှိတွင် အအေးခန်းတွင် ထိန်းသိမ်းရန်အတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများကို လျင်မြန်စွာ ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် သို့ ရေထွက်ကုန် တင်ပို့နေသည့် ကုန်သည် ဦးမောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

၎င်းက “ဖွင့်တဲ့အချိန်က မြန်ဖို့ လိုတာပေါ့။ ကြာရင် ရောက်နေတဲ့ ငါးတွေက ၂ ရက်ရှိပြီဆိုတော့ အဲဒီ ငါးတွေက ကျတော့ ရေချိုငါးတွေကကျတော့ အအေးခန်းထဲမှာ ကြာကြာ မသိမ်းထားနိုင်ဘူးလေ။ သူတို့မှာ စက်သုံးဆီလည်း ပြတ်ပြီဆိုရင် သူတို့ အအေးမခဲနိုင်တော့ဘူး၊ ပျက်စီးသွားပါပြီ။ ဒီလောက်အများကြီးကိုတော့ ဝယ်မယ့်သူလည်း ရှိမှာ မဟုတ်ပါဘူး။ တချို့ဟာတွေက လမ်းကြောထဲမှာ ရှိနေတဲ့ဟာတွေ ရှိသလို၊ စစ်တွေကို လက်ရှိမှာ ရောက်နေ တဲ့ ငါးကားတွေကလည်း ကားတစ်စီးစာတောင် ရောင်းလို့ရမှာ မဟုတ်ဘူး။ အဲဒီငါးတွေက ဒီဒေသမှာ စားသုံးတဲ့ ငါးတွေလည်း မဟုတ်ဘူးလေ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး ထိခိုက်မှုသည် မောင်တောနယ်စပ်ကုန်သွယ်ရေးထက် ပို၍များပြားကြောင်း ကုန်သည်များက ပြော သည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များကို တင်ပို့ခွင့် ကန့်သတ်ထား ခြင်းကြောင့် ပြီးခဲ့သည့် လမှစတင်၍ မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှု မရှိသလောက် နည်းပါး လျက်ရှိနေသည့် အနေအထား ဖြစ်သည်ဟု မောင်တောကုန်သည်များထံမှ သိရသည်။

ကုန်စည်စီးဆင်းမှု လမ်းကြောင်း ပိတ်ပင်ခြင်း ကြာမြင့်လာမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်းများ ကြုံတွေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။