CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၅    

ပီချစ်ချူအန်ဘန်း(Phichit Chuenban)ကို အစိုးရအဖွဲ့ဝန်ကြီးအဖြစ် ခန့်အပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်အား ရာထူးမှ ဖယ်ရှားရန် တောင်းဆိုထားသည့်အမှုကို သြဂုတ် ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် စီရင်ချက်ချသွားမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး(Constitutional Court)က ထုတ်ပြန်ခဲ့သည်ဟု Thai PBS world မှ ဖော်ပြခဲ့သည်။

ပီချစ်သည် လွန်ခဲ့သည့် ၁၆ နှစ်ခန့်က တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသောကြောင့် ဝန်ကြီးတစ်ဦးအဖြစ် အရည်အချင်းပြည့်မီမှုမရှိကြောင်းကို ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်( Srettha Thavisin)က သတိပြုမိခြင်းမရှိခဲ့ကြောင်း အထက်လွှတ်တော်အမတ်ဟောင်း အယောက် ၄၀ ပါဝင်သည့်အဖွဲ့က အခိုင်အမာ ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

ခုံရုံးက ထိုအဖွဲ့ တင်သွင်းခဲ့သည့် အသနားခံစာကို မေလက လက်ခံခဲ့သည်။

ထိုင်းဘုရင်က ခွင့်ပြုပေးခဲ့သည့် ဆရီသာ၏ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုအတွင်း ပီချစ်သည် ဝန်ကြီးတစ်ဦး အဖြစ် ခန့်အပ်ခံခဲ့ရသည်။

အသနားခံစာ တင်သွင်းခဲ့ပြီးနောက် မကြာမီ ပီချစ်သည် ရာထူးမှ နုတ်ထွက်ခဲ့သောကြောင့် ဆရီသာသည် တရားရုံး၏ ဆုံးဖြတ်ချက် တစ်ခုတည်းနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

ဆရီသာ အနေဖြင့် ၎င်း၏ လက်ရေးဖြင့် ရေးသားထားသော အသေးစိတ် ရှင်းလင်းဖော်ပြထားသည့် ခုခံ လျှောက်လှဲချက်ကို ဇူလိုင် ၃၁ ရက်မတိုင်မီ တင်သွင်းရန် တရားရုံးက ပြောကြားခဲ့သည်။

Source: Thai PBS world