CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

ယခုနှစ် ဆားထုတ်လုပ်ရာသီအတွက် မွန်ပြည်နယ်တွင် ဧက ၂၀၀ ခန့် ဆားပိုမို ထုတ်လုပ်ရန်အတွက် မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ လျာထားသော်လည်း တချို့သော ဆားတောင်သူများတွင် ဧက တိုးချဲ့ရန်အတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်း ကျဆင်းမှု မရှိခြင်း၊ တခြားသော ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ဆားလုပ်သား ရှားပါး နေခြင်းတို့ကြောင့် ဆားထုတ်လုပ်သည့် ဧကတိုးချဲ့ရန် အဆင်မပြေ ဖြစ်နေသည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အပေါ်ကလူတွေကတော့ တစ်နှစ်ထက် တစ်နှစ်ကို လျာထားချက်က ပိုပြီးတော့ ပြပေးနေရတယ်လေ။ ပြပေးနေရတော့ တချို့ဖိုတွေက တိုးချဲ့လို့ရတဲ့ ဖိုတွေက တိုးချဲ့တာပေါ့။ ကျနော်တို့မှာက ဧက မတိုးဘူး။ တချို့ ကွင်းတွေကျတော့ ဧက တိုးတယ်လေ။ ကျနော်တို့ကွင်းတွေမှာက မတိုးဘူး၊ ပုံမှန်အတိုင်းပဲ ပြန်လုပ်တယ်ပေါ့။ စက်သုံးဆီတို့ ဘာတို့က ဈေးမကျဘူး။ ကျနော်တို့ အဲဒါတွေလည်း အခက်အခဲ ရှိတယ်ပေါ့။ အလုပ်သမားတွေ ကိစ္စနဲ့ စက်သုံးဆီလေ။ ကုန်ဈေးနှုန်းတွေကလည်း အကျမရှိဘူး။ တက်တာတွေပဲ ဖြစ်နေတော့ ကျနော်တို့ အဲဒီမှာ နည်းနည်း အခက်အခဲ ရှိတာပေါ့။ ဒီနှစ်က ရာသီဥတု ဝါထပ်ထားတယ်ဆိုလို့ရှိရင်တော့ မိုးနောက်ကျရင်တော့ အဆင်ပြေမယ် ထင်တာပေါ့” ဟု ပြောသည်။

ဆားတောင်သူများကိုတွေ့ရစဉ်

ယခုနှစ် ဆားရာသီအတွက် လက်ရှိတွင် ဆားကွင်းများကို စတင်ပြုပြင်နေကြပြီ ဖြစ်ကြောင်း၊ လာမည့်လာတွင် ဆားများကို စတင်ထုတ်လုပ်ကြတော့မည်ဟု သိရသည်။

လက်ရှိတွင် မိုးတွင်းက လှောင်ထားသည့် ဆားများကို ဆားတောင်သူများမှ ထုတ်ရောင်းနေကြပြီဖြစ်သည့်အတွက် ဈေးကွက်အတွင်းမှာ ဈေးနှုန်းကျဆင်းမှုများရှိနေသည်ဟု ဆားလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်လွင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဆားမရှိလို့ တစ်မိုးတွင်းလုံး ထုတ်ရောင်းနေတော့ ဆားဈေးက ပထမတော့ ၂၀၀ လောက် ရှိတာပေါ့။ အဲဒီကနေ ပြန်ကျတော့ အခုဆို ၁၈၀ လောက်ပဲ ရှိတော့တယ်။ ကျနော်တို့ဆားက အခုကတော့လေ လုပ်ငန်းတွေ စလုပ်ကြတော့ သူလည်းထုတ်ရောင်း၊ ငါလည်း ထုတ်ရောင်ဆိုတော့ ဆားဈေးက ပြုတ်ကျသွားတာ ပေါ့။ လာမယ့်နှစ်ကျလို့ရှိရင် ဆားအသစ်ပေါ်တာနဲ့ ဈေးကကျမှာပဲ။ ဆားဈေးလည်းကျမယ်၊ အလုပ်သမားလည်း အခက်အခဲ ရှိတယ်၊ ကုန်ကျစရိတ်လည်း များတယ်။ အဲဒါကြောင့် ကျနော်တို့ ဆားသမားတွေက သိပ်မျှော်လင့် ချက်တော့ မထားဘူးပေါ့။ ကျနော်တို့က မလုပ်လို့လည်း မရဘူးဆိုတော့ ကိုယ့်လုပ်ငန်းကို ဒီအတိုင်း ပစ်ထားလို့ရှိ ရင် ကွင်းတွေ ပျက်မှာကြောက်လို့ ကျနော်တို့ လုပ်နေရတာပေါ့လေ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များက မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို နိုင်ငံတော်မှ ချေးငွေထုတ်ချေးပေးခြင်း မရှိသော်လည်း ယခုနှစ်တွင် ဆားဖိုတစ်ဖိုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

ဆားတောင်သူများကိုတွေ့ရစဉ်

သို့သော်လည်း ထိုချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်ကြရမည်ဖြစ်၍ ဆားတောင်သူများအတွက် အခက်တွေ့နေ ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံတော်က ချေးငွေကျတော့လေ သူက တစ်နှစ်ပဲ သူကချေးတယ်ဆိုတော့ ကျနော်တို့ ဆားတောင်သူ တွေ ဘာမှလုပ်လို့ မမှီဘူး။ ဟိုလှည့်ဒီလှည့်နဲ့ပဲ ပြန်သွင်းရပြန်ရော၊ ပြန်သွင်းပြီးမှပဲ ပြန်ထုတ်ပေးမယ်လို့ ပြောတယ်ပေါ့လေ။ တချို့တောင်သူတွေက ငွေရေးကြေးရေး အခက်အခဲ ရှိတာတို့၊ တချို့တွေက ဆားဈေးနှုန်း တွေ ထပ်ကျမှာကြောက်လို့ တချို့တွေက စိုင်းပြင်နေကြတာပေါ့။ ထုတ်လို့ရှိရင် ကောင်းမလား မကောင်းဘူးလား ဆိုတာ ဖြစ်နေကြတယ်။ အဲဒါကြောင့် ကျနော်တို့တွေက ဆားတောင်သူတွေက ပေးသာပေး မရဆိုသလိုပဲ အဲဒီလို မျိုးပဲ စကားပုံအတိုင်း ဖြစ်နေတာပေါ့။ တစ်နှစ်ပဲဆိုတော့ ကျနော်တို့ ပေးတယ်လေ၊ နာမည်တော့ ထွက်တာပေါ့ ပေးတယ်ဆိုတာ၊ ချေးပေးတယ်။ ဒါပေမယ့် ကျနော်တို့ တစ်နှစ်အတွင်း ပြန်ဆပ်ရမယ်ဆိုတော့ ဆားတောင်သူတွေ အနေနဲ့ အတော်လေး ရင်လေးစရာ ဖြစ်တာပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်၌ ဆားလုပ်ကွက်ပေါင်း ၉၀ ကျော်ရှိပြီး ဧက ၄၀၀၀ ကျော် ဆားထုတ်လုပ်ခဲ့သည်။

ယခုနှစ်တွင် ဆားထုတ်လုပ်နိုင်မှုသည် ဧက ၂၀၀ နီးပါး ပိုမို ထုတ်လုပ်နိုင်ရန်အတွက် မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာနမှ လျာထားသည်ကို တွေ့ရသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အသုံးပြုကြသည်။