CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးနဲ့ ဗြိတိန်လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့လုပ်ဆောင်ပေးခဲ့တဲ့အရာတွေကြောင့် knighthood ဘွဲ့ကို တရားဝင်လက်ခံရရှိခဲ့ပါတယ်။ 

အခုနှစ်အစောပိုင်းက ချားလ်စ်ဘုရင်ရဲ့မွေးနေ့ဂုဏ်ပြုစာရင်းထဲမှာ နာမည်ပါဝင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ဆာရဲတိုက်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ချားလ်စ်ဘုရင်ရဲ့ Knighthood ဘွဲချီးမြှင့်ခြင်းကို ခံခဲ့ရပြီး ဆာဒေးဗစ်ဘက်ခမ်း ဖြစ်လာခဲ့ပါတယ်။ 

ယူနိုက်တက်ကစားသမားဟောင်းဟာ ဒီအခမ်းအနားကို ဇနီးဖြစ်သူ ဗစ်တိုးရီးယား၊ သူ့ရဲ့မိဘတွေနဲ့ တက်ရောက်ခဲ့တာပါ။ 

ဒေးဗစ်ဘက်ခမ်းက “ကျနော်ဒီထက်ပိုပြီး ဂုဏ်ယူနိုင်စရာမရှိတော့ပါဘူး။ လူတွေက ကျနော်ဘယ်လောက် မျိုးချစ်စိတ်ရှိလဲဆိုတာကို သိကြပြီး ကျနော့်နိုင်ငံကို ကျနော်ချစ်ပါတယ်။ ဒီနေ့ဟာ ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့နေ့ပါ”လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်ဘတ်ခမ်းတို့ မိသားစုကိုတွေ့ရစဉ်

ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက် ၁၁၅ ပွဲကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ၂၀၀၀ ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်းကစားသမားဟောင်းဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်၊ယူရိုပြိုင်ပွဲ ၂ ကြိမ်ပါဝင်ကစားခဲ့ပါတယ်။ 

အရှေ့လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ လန်ဒန်မှာ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲကျင်းပနိုင်ဖို့ အဓိက အခန်းကဏ္ဍကနေ ဦးဆောင်ခဲ့သလို ၂၀၀၅ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း Unicef မှာ အလုပ်လုပ်ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ်က ဘုရင်မကြီး အဲလိဇဘက် II ရဲ့ OBE ဘွဲ့ချီးမြှင့်ခြင်းကို ခံခဲ့ရတာပါ။

ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သလို လိဂ်တူးကလပ်ဆယ်လ်ဖိုဒ့်စီးတီးအသင်းကို ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့အတူ ပူးတွဲပိုင်ဆိုင် ထားတာဖြစ်ပါတယ်။