CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ သူဟာ ကစားသမားဘဝကနေ အနားယူဖို့အတွက် ပြင်ဆင်ထားပြီးပြီလို့ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒိုက “ကျနော့်ရဲ့အနားယူမှုကို မြင်ယောင်ကြည့်နိုင်ပါတယ်၊ ဒါက မကြာမီဖြစ်လာတော့မှာပါ။ ဒီအတွက်လည်း ကျနော်ပြင်ဆင်ထားပြီးပြီလို့ထင်ပါတယ်။ ခက်ခဲမှာဖြစ်သလို ကျနော်ငိုမိမယ်ဆိုတာလည်း သေချာပါတယ်။ ဒါပေမယ့် ကျနော်ဟာ အသက် ၂၅၊ ၂၆၊၂၇ နှစ်ကတည်းက ကျနော့်ရဲ့အနာဂတ်ကို ပြင်ဆင်ထားပါတယ်။ ဒါကြောင့်လည်း ဒီဖိအားကို ကျနော်ခံနိုင်ရည်ရှိမယ်လို့ထင်ပါတယ်။ အရာအားလုံးမှာ အဆုံးသတ်ရှိပြီး အခြားအရာတွေအတွက် အချိန်ပိုရလာမှာပါ”လို့ ပြောခဲ့တာပါ။ 

ရော်နယ်လ်ဒိုဟာ အသက် ၄၀ နှစ်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ ထိပ်တန်းအဆင့်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ကြောင်း ပြသနေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ပေါ်တူဂီ၊အင်္ဂလန်၊စပိန်၊အီတလီနဲ့ ဆော်ဒီနိုင်ငံတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ရော်နယ်လ်ဒိုအတွက် ကစားသမားဘဝကနေ အနားယူဖို့ နီးကပ်လာပြီဖြစ်တာပါ။ 

ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝကို မကြာမီမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားသလို ဒီအတွက်လည်း ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုး ၁,၀၀၀ ပြည့်အောင်သွင်းယူနိုင်ဖို့လည်း ရည်မှန်းထားပါတယ်။ 

ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၉၅၂ ဂိုးသွင်းယူထားပြီး နောက်ထပ် ၄၈ ဂိုးသွင်းယူနိုင်ရင် သူ့ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုပြည့်မြောက်သွားမှာပါ။ 

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့လည်း ဆန္ဒပြင်းပြနေပါတယ်။ 

ရော်နယ်လ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီး လာမယ့်လိဂ်ပွဲစဉ်အဖြစ် နီယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။