CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

ဂန္တဝင်ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ ဆီနီဂေါအသင်းနဲ့ ကစားမယ့် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိ ဒေးဗစ်ဘက်ခမ်းဟာ ၁၉၉၆ ကနေ ၂၀၀၉ အထိ အင်္ဂလန်အတွက် ၁၁၅ ပွဲ ပါဝင် ကစားခဲ့ ပြီး ၁၇ ဂိုး သွင်းယူခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းဟာ လက်ရွေးစင်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀၊ ၂၀၀၂ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၄ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့ပြီး ဘယ်လာရုစ်နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နောက်ဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းရဲ့ အယ်လ်ဝါကရာ လေ့ကျင့်ရေး စခန်းကို သွားရောက်ခဲ့ပြီး နည်းပြ ဆောက်ဂိတ်က လက်ရွေးစင် အသင်းဖော်ဟောင်းကို သူ့ရဲ့ အထင်ကရ နံပါတ်ပါ ဂျာစီကို လက်ဆောင်ပေး ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ မက်ဒီဆင်၊ ဝီလ်ဆင်၊ မက်ဂွဲယား၊ မေဆန်မောင့်၊ ဂရီလစ်ရှ်၊ ဟာရီကိန်း၊ ဆာကာတို့နဲ့ စကားပြောဆိုခဲ့ပြီး ဓါတ်ပုံ တွဲရိုက်ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းနဲ့ ဟာရီကိန်းကိုတွေ့ရစဉ်

လက်ရှိ အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းက ဒေးဗစ်ဘက်ခမ်း သူတို့ဆီ လာရောက်ခဲ့ပုံကို ပြန်ပြောင်း ပြောပြပါတယ်။

ဟာရီကိန်းက “ ဒေးဗစစ်ဘက်ခမ်း ရောက်ရှိလာချိန်မှာ ကျနော်တို့ ကောင်းမွန်စွာ စကားတွေပြောခဲ့ ကြပါတယ်။ ကျနော်ဟာ သူ့ကိုကြည့်ပြီး ကြီးပြင်း လာခဲ့ရတာပါ။ သူဟာ ကျနော်တို့ရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တွေ ထဲက တစ်ဦးဖြစ်နိုင်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေ၊ ကျနော်တို့အသင်းနဲ့ ပတ်သက်ပြီး သူမြင်ရတာတွေနဲ့ ဘယ်လို ခံစားရလဲဆိုတာကို ပိုပြီး သိလာရပါတယ်။ သူက ကျနော်တို့ကစားပုံကို သဘောကျတယ်လို့ ပြောခဲ့ပြီး ဒီလို ကစားသမားဟောင်းတွေရဲ့ အားပေးမှုကိုရတာ အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိ ကာတာမှာ ရှိနေပြီး ပေါင်သန်း ၁၅၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား မျက်နှာစာ အပါအဝင် နိုင်ငံရဲ့ သံတမန်အဖြစ် ၁၀ နှစ် စာချုပ် ချုပ်ဆိုထားတာကြောင့် ဝေဖန်မှုတွေ ခံနေရတာပါ။

အင်္ဂလန်အသင်းကတော့ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရပြီး ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail